တိုကျိုအိုလံပစ် ကျင်းပဖို့ မသေချာသေးဘူးလို့ IOC အဖွဲ့ဝင် ပြော

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် တိုကျိုမြို့တော်နဲ့ ပတ်ဝန်းကျင်မှာ အရေးပေါ်အခြေအနေ ကြေညာထားပေမယ့် ရွှေ့ဆိုင်းထားတဲ့ တိုကျိုအိုလံပစ် အားကစားပွဲတော်ကြီး ကျင်းပဖို့ ဆက်လုပ်သွားမလား မသေချာသေးဘူးလို့ ထင်မြင်ကြောင်း အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC) မှာ အဖွဲ့ဝင်အဖြစ် အရှည်ကြာဆုံးလုပ်နေသူက သူ့ရဲ့ကိုယ်ပိုင် အမြင်ကို ထုတ်ပြောခဲ့ပါတယ်။

တိုကျို အိုလံပစ်နဲ့ ပါရာလင်းပစ် အားကစားပွဲတော်ကြီးကို ကနဦးက ပြီးခဲ့တဲ့နှစ် ဇူလိုင်နဲ့ သြဂုတ်လအတွင်း ကျင်းပဖို့ စီစဉ်ထားခဲ့ပါတယ်။
ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် တစ်နှစ် ရွှေ့ဆိုင်းထားခဲ့တာပါ။
တိုကျိုမှာ ကျင်းပဖို့ ရက် ၂၀၀ တောင်မလိုတော့ချိန်မှာ “ပြဿနာကြီးက ဗိုင်းရပ်စ်ရောဂါပျံ့နှံမှု တဟုန်ထိုးများနေတာကြောင့် ဘာမှ သေချာပေါက် မပြောနိုင်ဘူးလို့” မစ္စတာ Dick Pound က ဗြိတိန်ပြည်သူ့အသံလွှင့်ဌာန BBC ကို ကြာသပတေးနေ့က ပြောခဲ့ပါတယ်။
ပြိုင်ပွဲဝင်အားကစားသမားတွေကို ဦးစားပေး ကာကွယ်ဆေးထိုးပေးသင့်တယ်လို့လည်း သူက ထည့်သွင်း ပြောခဲ့ပါတယ်။
IOC အကြီးအကဲ Thomas Bach က ရွှေ့ဆိုင်းထားတဲ့ တိုကျို အိုလံပစ် အားကစားပွဲတော်ကြီးကို စီစဉ်ထားတဲ့အတိုင်း ကျင်းပသွားမယ်လို့ အလေးပေး ပြောခဲ့ပါတယ်။