သံတမန်ရေး တိုးမြှင့်လုပ်ဆောင်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ထုတ်ဖော်ပြောဆို

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဟာ လက်ရှိကျင်းပနေဆဲဖြစ်တဲ့ အာဏာရ အလုပ်သမားပါတီညီလာခံမှာ ပြောကြားခဲ့တဲ့ မူဝါဒဆိုင်ရာမိန့်ခွန်းမှာ သံတမန်ဆက်ဆံရေးတွေကို တိုးမြှင့်လုပ်ဆောင်သွားဖို့ ဦးတည်ချက်တွေကို ချမှတ်ခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်မြင်သံကြားက ပြောခဲ့ပါတယ်။

ညီလာခံရဲ့ ၃ရက်မြောက်နေ့ဖြစ်တဲ့ ကြာသပတေးနေ့မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ မစ္စတာ Kim ဟာ ကိုရီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေးတွေကို သုံးသပ်တာနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောကြားခဲ့ကြောင်း ကိုရီးယားဗဟိုရုပ်မြင်သံကြားက သောကြာနေ့မှာ တင်ပြခဲ့ပါတယ်။
မစ္စတာ Kim ဟာ “လတ်တလောအခြေအနေနဲ့ ခေတ်ကာလပြောင်းလဲမှုတွေနဲ့လိုက်ပြီး” တောင်ကိုရီးယားနဲ့အကြား ဆက်ဆံရေး ပြန်လည်ပုံဖော်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ကြောင်း အဲဒီသတင်းဌာနက ပြောပါတယ်။
အသေးစိတ်တွေကို ဆက်လက်တင်ပြခြင်းမရှိဘဲ အဲဒီသတင်းဌာနက “မစ္စတာ Kim ဟာ ပြင်ပဆက်ဆံရေးကို အပြည့်အဝ တိုးမြှင့်လုပ်ဆောင်ဖို့ ပါတီရဲ့ အထွေထွေဦးတည်ချက်နဲ့ မူဝါဒဆိုင်ရာရပ်တည်မှုကို ကြေညာခဲ့တယ်”လို့ ပြောပါတယ်။
သောကြာနေ့မှာ အဲဒီညီလာခံကို ဆက်လက်ကျင်းပဖို့ရှိတယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက ပြောပါတယ်။