ဂျပန်နဲ့ အာဂျင်တီးနားဝန်ကြီးတွေ ဆက်ဆံရေးတိုးမြှင့်ဖို့ သဘောတူ

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi Toshimitsu နဲ့ အာဂျင်တီးနား နိုင်ငံခြားရေးဝန်ကြီး Felipe Sola တို့ဟာ နှစ်နိုင်ငံအကြား စီးပွားရေးဆက်ဆံမှုတွေ ပိုမိုအားကောင်းစေဖို့ သဘောတူခဲ့ကြပါတယ်။

သူတို့တွေဟာ အာဂျင်တီးနားနိုင်ငံမှာ ကြာသပတေးနေ့က ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။ အာဂျင်တီးနား နိုင်ငံဟာ မစ္စတာ မိုတဲဂီ ရဲ့ လက်တင်အမေရိက ခရီးစဉ် ၅ နိုင်ငံထဲက တတိယမြောက် နိုင်ငံ ဖြစ်ပါတယ်။
မစ္စတာ မိုတဲဂီက ဂျပန်နဲ့ ဆက်နွှယ်တဲ့ ကုမ္ပဏီအရေအတွက် အရင် ၄ နှစ်ကထက် ၂ ဆ တိုးလာတာကို မှတ်ချက်ပြုပြောပြီး နှစ်နိုင်ငံ စီးပွားရေးဆက်ဆံမှုတွေ တိုးချဲ့လာနေတယ်လို့ ဆိုပါတယ်။
မစ္စတာ Sola က ဂျပန်ကုမ္ပဏီတွေဟာ အာဂျင်တီးနားနိုင်ငံရဲ့ စီးပွားရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်လို့ ပြောပါတယ်။
နှစ်နိုင်ငံ ဝန်ကြီးတွေဟာ အခွန် ၂ခါ ဆောင်ရမှာကို ရှောင်ကြဉ်ဖို့ အခွန်ဆိုင်ရာသဘောတူစာချုပ်တစ်ခုကို လက်မှတ်ရေး ထိုးတာလိုမျိုး စီးပွားရေးဝန်းကျင် တိုးတက်လာဖို့အတွက် တရားဝင်မူဘောင်ကို တိုးမြှင့်ဖို့ သဘောတူခဲ့ပါတယ်။
မစ္စတာ မိုတဲဂီဟာ အဲဒီနေ့အစောပိုင်းမှာ အာဂျင်တီးနား သမ္မတ အယ်လ်ဘာတို ဖာနန်ဒက်ဇ် (Alberto Fernandez) နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
လက်တင်အမေရိကမှာ တရုတ်ရဲ့ လှုပ်ရှားမှုတွေ တိုးလာတဲ့ အနေအထားကို စောင့်ကြည့်ရင်းနဲ့ စည်းမျဉ်းစည်းကမ်းတွေကို အခြေခံတဲ့ လွတ်လပ်ပြီး ပွင့်လင်းတဲ့ နိုင်ငံတကာဥပဒေစိုးမိုးရေး အကောင်အထည် ဖော်ရေးမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ သူတို့တွေ သဘောတူခဲ့ကြပါတယ်။