ဂျပန်အစိုးရက ရောဂါထိန်းချုပ်ရေးဥပဒေ ပြင်ဆင်ဖို့ ရည်ရွယ်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ သူတွေ ကိုယ့်ဘာသာ သီးခြားခွဲနေထိုင်ရေး တောင်းဆိုဖို့ ဒေသန္တရအစိုးရတွေကို တရားဝင်အခွင့်အာဏာ ပေးဖို့အတွက် ကူးစက်ရောဂါဆိုင်ရာ ထိန်းချုပ်ရေး ဥပဒေကို ပြန် ပြင်ဆင်ဖို့ ဂျပန်အစိုးရက ရည်ရွယ်ထားပါတယ်။

အခုလက်ရှိမှာ ပြည်သူ့ကျန်းမာရေးစင်တာတွေက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ သူတွေကို ဖြစ်နိုင်ခြေရှိတဲ့ ကူးစက်မှုလမ်းကြောင်းနဲ့ ပတ်သက်တာတွေ စတဲ့ သတင်းအချက်အလက်တွေ မျှဝေဖို့နဲ့ နေအိမ် ဒါမှမဟုတ် သတ်မှတ်ပေးထားတဲ့ တည်းခိုခန်းတစ်ခုမှာ ကိုယ့်ဘာသာ သီးခြားခွဲနေထိုင်ဖို့ တောင်းဆိုနေပါတယ်။
ဒါပေမဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်နေတဲ့ အရေအတွက်က တိုးလာနေတယ်လို့ သိရပါတယ်။ အစိုးရက ဒီဥပဒေကို ပြန်ပြင်ဆင်တာဟာ ပြဿနာကို ဖြေရှင်းရေးမှာ အထောက်အကူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။
ကူးစက်ခံထားရတဲ့လူနာတွေကို ကိုယ့်ဘာသာ သီးခြားခွဲ နေထိုင်ရေး တောင်းဆိုဖို့ ခရိုင်အုပ်ချုပ်ရေးမှူးတွေအတွက် ဥပဒေကြောင်းအရ ပြဋ္ဌာန်းချက်တွေကို ထည့်သွင်းဖို့ အစိုးရက စဉ်းစားနေပါတယ်။
ဒီတောင်းဆိုချက်ကို လိုက်နာဖို့ လူနာတွေက ငြင်းဆိုခဲ့မယ်ဆိုရင် သူတို့ကို ဆေးရုံမှာ စစ်ဆေးဖို့နဲ့ ကုန်ကျစရိတ်ကို ကိုယ့်သာသာကျခံဖို့အတွက် အုပ်ချုပ်ရေးမှူးတွေက တောင်းဆိုနိုင်ပါတယ်။
စီစဉ်ထားတဲ့ ပြင်ဆင်ချက်မှာ ဆေးရုံတက်ဖို့ ငြင်းဆန်နေသူတွေနဲ့ ပြည်သူ့ကျန်းမာရေးစင်တာက စစ်တမ်းကောက်ယူမှုတွေကို ဖြေကြားဖို့ ငြင်းဆိုတာ ဒါမှမဟုတ် လိမ်လည်ပြောဆိုသူတွေကို ပြစ်ဒဏ်ချမှတ်မလား ဆိုတာကို အစိုးရက လေ့လာမယ်လို့ မျှော်လင့်ရပါတယ်။