ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးခဲ့သူ ၂၁ ဦး ပြင်းထန်တဲ့ ဓာတ်မတည့်မှု ဖြစ်ပွားခဲ့

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးခဲ့ကြသူ ၁.၉ သန်း လောက်ထဲမှာ ပြင်းထန်တဲ့ ဓာတ်မတည့်မှုဖြစ်ပွားသူ ၂၁ ဦးတွေ့ရှိခဲ့ရတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေး နဲ့ ကာကွယ်ရေးစင်တာ (CDC) က ဆိုပါတယ်။

CDC က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ COVID-19 နဲ့ ပတ်သက်တဲ့ အစီရင်ခံစာတစ်စောင်မှာ ဒီဇင်ဘာလ ၂၃ ရက်နေ့အထိ အမေရိကန် ပြည်ထောင်စုမှာ လူ ၁.၉ သန်းလောက်ဟာ အမေရိကန် ဆေးကုမ္ပဏီ Pfizer နဲ့ မိတ်ဖက် ဂျာမန် ကုမ္ပဏီ BioNTech တို့က တီထွင်ထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ထိုးထားကြပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ကာကွယ်ဆေးထိုးခဲ့သူ ၆၂ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်ပြီး ၃၄ ရာခိုင်နှုန်းက အမျိုးသားတွေ ဖြစ်ပါတယ်။ ကျန်တဲ့သူတွေကတော့ ကျား မ ခွဲခြားဖော်ပြခြင်း မရှိသူတွေ ဖြစ်ပါတယ်။
ဓာတ်မတည့်မှုဖြစ်ပွားသူ ၂၁ ဦးထဲက ၁၇ ဦးဟာ အရင်ထဲက ဓာတ်မတည့်တဲ့ရောဂါ ရာဇဝင် အထောက်အထားရှိသူတွေ ဖြစ်တယ်လို့လည်း အဲဒီ အစီရင်ခံစာက ဆိုပါတယ်။
ဓာတ်မတည့်မှုဖြစ်ပွားခဲ့သူတွေရဲ့ ပျမ်းမျှအသက်ဟာ ၄၀ ဖြစ်ပြီး အဲဒီထဲက ၉၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖြည့်စွက်ဖော်ပြထားပါတယ်။ များသောအားဖြင့် ကာကွယ်ဆေးထိုးပြီး ၂ မိနစ်ကနေ ၂ နာရီခွဲလောက်အတွင်း ကာကွယ်ဆေးနဲ့ ဓာတ်မတည့်တဲ့ ရောဂါလက္ခဏာတွေ ပေါ်လာခဲ့ကြပါတယ်။ သူတို့ထဲက ၇၀ ရာခိုင်နှုန်းဟာ ၁၅ မိနစ် အတွင်း ဓာတ်မတည့်တဲ့ ရောဂါလက္ခဏာတွေကို စတင်ခံစားခဲ့ရတယ် လို့ သိရပါတယ်။ ကာကွယ်ဆေးနဲ့ ဓာတ်မတည့်တဲ့ လူနာ ၂၁ ဦးထဲက ၂၀ ဟာ အပြည့်အဝ ပြန်နေကောင်းလာပြီ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးမှာ ပါဝင်တဲ့ပစ္စည်းတွေနဲ့ ဓာတ်မတည့်မှုရှိတယ်ဆိုရင် အဲဒီကာကွယ်ဆေး မထိုးကြဖို့ ပြည်သူတွေကို CDC က တိုက်တွန်းနေပါတယ်။