လူ ၅၃ ဦးကို ဖမ်းဆီးမှု ဟောင်ကောင် အတိုက်အခံပါတီ အပြစ်တင်ရှုတ်ချ

ဟောင်ကောင်အတွက် ချမှတ်ထားတဲ့ နိုင်ငံ့လုံခြုံရေး ဥပဒေသစ်ကို ချိုးဖောက်တယ်ဆိုတဲ့ သံသယနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူ ၅၃ ဦးကို ဖမ်းဆီးလိုက်တာနဲ့ ပတ်သက်ပြီး ဟောင်ကောင်အတိုက်အခံ ခေါင်းဆောင် တွေက အပြစ်တင် ဝေဖန်လိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့က ဟောင်ကောင်တစ်ဝန်းမှာ အဲဒီလူတွေကို ဥပဒေချိုးဖောက်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အခုလို စွပ်စွဲချက်တွေဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ရွှေ့ဆိုင်းခဲ့တဲ့ ဥပဒေပြုကောင်စီ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်ဖို့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက စီစဉ်ခဲ့တဲ့ တရားမဝင်မဲပေးမှုနဲ့ ဆက်နွယ်နေပါတယ်။
အခုဖမ်းဆီးခဲ့တဲ့အထဲမှာ ဥပဒေပြုကောင်စီအဖွဲ့ဝင်ဟောင်းလည်းဖြစ် ဒီမိုကရက်တစ်ပါတီရဲ့ အကြီးအကဲဟောင်းလည်း ဖြစ်သူ မစ္စတာ ဝူ ချီ ဝေ (Wu Chi Wai) ပါဝင်တယ်လို့ ဒီမိုကရေစီရေး လိုလားသူတွေက ပြောပါတယ်။
တရားမဝင် မဲပေးမှုတွေကို စီစဉ်သူတွေထဲက တစ်ဦးဖြစ်တဲ့ ဟောင်ကောင် တက္ကသိုလ်က တွဲဖက် ပါမောက္ခ Benny Tai ကိုလည်း ဖမ်းဆီးထားကြောင်း ဟောင်ကောင်မှာရှိတဲ့ တရုတ်အစိုးရရုံးက အတည်ပြုခဲ့ပါတယ်။
ဟောင်ကောင်အစိုးရဟာ ပြည်သူတွေ ထောက်ခံတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေအပေါ် လက်စားချေဖို့ အလွန်ကြမ်းတမ်းတဲ့ ဥပဒေ တစ်ရပ်ကို အသုံးချနေတယ်လို့ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ လို ကင်န်-ဟေး (Lo Kin-hei) က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab ကလည်း ဟောင်ကောင်အစိုးရရဲ့ အဲဒီလို လုပ်ရပ်ကို ဗုဒ္ဓဟူးနေ့က အပြစ်တင်ဝေဖန်ခဲ့ပါတယ်။
" ဗြိတိန်-တရုတ် ပူးတွဲ ကြေညာချက်နဲ့ နိုင်ငံတကာ သဘောတူစာချုပ်အရ အကာ အကွယ်ပေးထားတဲ့ ဟောင်ကောင်က ပြည်သူတွေရဲ့ လွတ်လပ်မှုနဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ဟောင်ကောင်အစိုးရက ချိုးဖောက်နေတာကို ပြသတဲ့ နောက်ထပ် သက်သေ အထောက်အထားဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ မစ္စတာ Raab က ပြောပါတယ်။
ဟောင်ကောင်အတွက် ချမှတ်ထားတဲ့ နိုင်ငံ့လုံခြုံရေးဥပဒေဟာ ပြီးခဲ့တဲ့နှစ် ဇွန်လက အသက်ဝင်ခဲ့တာ ဖြစ်ပါတယ်။ ပုန်ကန်မှု၊ ခွဲထွက်မှု၊ အကြမ်းဖက်မှုနဲ့ နိုင်ငံခြားနဲ့ ပူးပေါင်းကြံစည်မှုတွေကို ရာဇဝတ်မှုမြောက်တယ်လို့ အဲဒီဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။