အမေရိကန်မှာ လွှတ်တော်နှစ်ရပ်စလုံးကို ဒီမိုကရက်တွေက ထိန်းချုပ် သွားဖွယ်ရှိ

ဂျော်ဂျီယာပြည်နယ်က ထပ်မံပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ ဒီမိုကရက် အမတ်တွေက အထက်လွှတ်တော် အမတ် ၂ နေရာစလုံး အနိုင်ရမယ်လို့ အမေရိကန်မီဒီယာတွေက ခန့်မှန်းထားကြပါတယ်။

ဒါဟာ ရွေးကောက်ခံ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ဒီမိုကရက်တစ်ပါတီက လွှတ်တော် နှစ်ရပ်စလုံးကို ထိန်းချုပ်လိမ့်မယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။
အထက်လွှတ်တော် အမတ်နေရာ ၁၀၀ ထဲက ၂ နေရာအတွက် အင်္ဂါနေ့က ရွေးကောက်ပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ရွေးကောက်ပွဲ ပြီးနောက် အထက်လွှတ်တော်မှာ ရီပတ်ဘလစ်ကန် ပါတီက လွတ်တော်အမတ် နေရာ ၅၀ ရခဲ့ပြီး ဒီမိုကရက်တစ်ပါတီက ၄၈ နေရာ ရထားပါတယ်။
ရွေးကောက်ပွဲတွေမှာ ဒီမိုကရက်တစ်ပါတီရဲ့ လူသစ်တွေဖြစ်တဲ့ Raphael Warnock နဲ့ Jon Ossoff တို့ဟာ သူတို့ရဲ့ ရီပတ်ဘလီကန် ပြိုင်ဘက်တွေကို အနိုင်ရခဲ့တယ်လို့ ခန့်မှန်းထားကြောင်း ABC ရုပ်သံဌာနနဲ့ တခြား သတင်းဌာနတွေက ဗုဒ္ဓဟူးနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီလိုဖြစ်လာမယ်ဆိုရင် အထက်လွှတ်တော်မှာ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန်တွေ အမတ်အရေအတွက် တူလာမှာဖြစ်ပါတယ်။ ဒီလိုအနေအထားမှာ အထက်လွှတ်တော်ရဲ့ ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံ ဒုတိယ သမ္မတ Kamala Harris ထမ်းဆောင်ဖို့ ရှိနေပြီး သူ့ရဲ့ မဲဟာ အဆုံးအဖြတ်ပေးနိုင်တာကြောင့် အထက်လွှတ်တော်မှာ လက်တွေ့အားဖြင့် ဒီမိုကရက်တွေက အများစုအင်အားကို ရရှိလာမှာ ဖြစ်ပါတယ်။