ဂျပန်ပင်လယ်ကမ်းခြေ ဧရိယာတွေမှာ ဆောင်းရာသီ မုန်တိုင်းအတွက် သတိထားနေ

ကြာသပတေးနဲ့ သောကြာနေ့တွေမှာ ဂျပန်ပင်လယ်ရဲ့ ကမ်းခြေဧရိယာတွေမှာ ပြင်းထန်တဲ့ ဆောင်းရာသီ မုန်တိုင်း ဖြစ်ပေါ်မယ်လို့ ဂျပန့် မိုးလေဝသ အရာရှိတွေက ခန့်မှန်းထားပါတယ်။

မိုးအများအပြားရွာသွန်းစေတဲ့ လေဖိအားလမ်းကြောင်းနဲ့ တွဲလျက်ရှိပြီး အလျင်အမြန် ကြီးထွားလာနေတဲ့ လေဖိအားနည်းရပ်ဝန်း တစ်ခုကြောင့် တစ်နိုင်ငံလုံးမှာ လေတိုက်ခတ်မှု ပိုပြင်းထန်လာမယ်လို့ မိုးလေဝသ အေဂျင်စီက ကြာသပတေးနေ့မှာ ပြောပါတယ်။
အဓိကအားဖြင့် ဂျပန်ပင်လယ် ကမ်းခြေတစ်လျှောက်က ဧရိယာတွေမှာ နှင်းတွေနဲ့ အလွန်ပြင်းထန်တဲ့ လေတိုက်ခတ်မှု ဒဏ်တွေကို ခံစားနေရပြီဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။
ကြာသပတေးနေ့ မနက်က လေတိုက်ခတ်မှုဟာ Shimane ခရိုင် Hamada မြို့၊ Kyoto ခရိုင် Kyotango မြို့ နဲ့ Tottori လေဆိပ်တွေမှာ တစ်နာရီကို ကီလိုမီတာ ၁၀၀ လောက် ရှိခဲ့ပါတယ်။
ဆောင်းရာသီ လေဖိအားပုံစံ ပိုအားကောင်းလာမှာဖြစ်ပြီး တနင်္ဂနွေနေ့လောက်အထိ ဂျပန်ပယ်လယ်ကမ်းခြေတစ်လျှောက်က တောင်တန်းနဲ့ လွင်ပြင်တွေ၊ ပစိဖိတ် သမုဒ္ဒရာဘက်ခြမ်းက တောင်တန်းဧရိယာတွေမှာ နှင်းတွေ သည်းသည်းထန်ထန် ကျလိမ့်မယ်လို့ မိုးလေဝသ အရာရှိတွေက ဆိုပါတယ်။
ပင်လယ်ပြင်က ဆိုးရွားတဲ့ အခြေအနေနဲ့ နှင်းတောင်ပြိုမှုတွေနဲ့ ပတ်သက်ပြီးလည်း သူတို့က သတိပေးနေပါတယ်။ နှင်းမုန်တိုင်းတွေ၊ စုပြုံနေတဲ့ နှင်းတွေနဲ့ လမ်းတွေရေခဲတာတွေကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကို ပြည်သူတွေ သတိထားဖို့ သူတို့က တိုက်တွန်းနေပါတယ်။
ဓာတ်ကြိုးတွေပေါ်မှာ နှင်းတွေတင်ပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်တာတွေ ဖြစ်လာနိုင်ပြီး နှင်းတွေရဲ့ အလေးချိန်ကြောင့် သစ်ပင်တွေ ပြိုလဲလာနိုင်တယ်လို့ သူတို့က ဆိုပါတယ်။