မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ရှာဖွေတဲ့ နည်းလမ်းကို ဂျပန် တီထွင်ဖော်ထုတ်

ဂျပန်က သုတေသီတွေဟာ ဗြိတိန်နဲ့ တောင်အာဖရိက တွေမှာ အလျင်အမြန် ပျံ့နှံ့နေခဲ့တဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို မြန်မြန်ဆန်ဆန် ထောက်လှမ်းဖော်ထုတ်တဲ့ နည်းလမ်းတစ်ခုကို တီထွင်ခဲ့ကြောင်း NHK က သိရှိခဲ့ပါတယ်။

ဒီဗိုင်းရပ်စ်ရဲ့ မျိုးဗီဇဆိုင်ရာ အချက်အလက်တွေကို ဖတ်ရှုရေးအတွက် အခုအချိန်အထိ အဆင့်မြင့် မျိုးဗီဇ စစ်ဆေးရေး စက်ကိရိယာကို အသုံးပြုဖို့ လိုအပ်ခဲ့ပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ နေ့ဝက်လောက် အချိန်ကြာပါတယ်။
N501Y သန္ဓေပြောင်းလဲမှုကို အတည်ပြုနိုင်တဲ့ ပိုပြီး မြန်ဆန်တဲ့ PCR စမ်းသပ်ရေး နည်းပညာတစ်မျိုးကို ဂျပန့် ကူးစက်ရောဂါဆိုင်ရာဌာနက သိပ္ပံပညာရှင်တွေက တီထွင်ခဲ့ပါတယ်။
ဒီလုပ်ငန်းစဉ်ဟာ နာရီအနည်းငယ်သာ ကြာပြီး လက်ရှိ PCR စမ်းသပ်ရေး စက်တွေကို သုံးပြီး နမူနာတွေကို ပမာဏများများ စစ်ဆေးနိုင်မှာ ဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။
ဗိုင်းရပ်စ်ပိုး စောင့်ကြည့်ရေးစနစ်တွေကို ဒီစနစ်နဲ့ အားဖြည့်ပေးနိုင်ဖို့ ပိုပြီး တိကျမှုရှိတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်မယ်လို့ အဲဒီဌာနမှာရှိတဲ့ တုပ်ကွေးဗိုင်းရပ်စ်ပိုး သုတေသနစင်တာရဲ့ ညွှန်ကြားရေးမှူး Hasegawa Hideki က NHKကို ပြောကြားခဲ့ပါတယ်။