ဂျပန်မှာ ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်သူ ၈သောင်းကျော်ရှိခဲ့

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို အကြောင်းပြုပြီး အလုပ်အကိုင်ပေါင်း ၈၀,၀၀၀ ကျော် ဆုံးရှုံးသွားခဲ့တယ်လို့ ဂျပန် အလုပ်သမားရေးရာ ဝန်ကြီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလကုန်ကနေ ဗုဒ္ဓဟူးနေ့အထိအတွင်း အလုပ်လက်မဲ့ဖြစ်သူနဲ့ ဖြစ်ဖို့ ရှိနေသူပေါင်း ၈၀,၁၀၀ လောက် ရှိတယ်လို့ အဲဒီ ဝန်ကြီးဌာနက ဆိုပါတယ်။

ဒါပေမဲ့ လက်တွေ့အားဖြင့် အရေအတွက်ဟာ ပိုပြီး မြင့်မားဖွယ်ရှိတယ်လို့ ယုံကြည်ရပါတယ်။
ဒါကတော့ ဒီဝန်ကြီးဌာနက အချက်အလက်တွေဟာ အလုပ်သမားရေးရာ အာဏာပိုင်တွေနဲ့ ပြည်သူ့ အလုပ်အကိုင်နေရာချထားရေး စင်တာတွေက သိရှိထားတဲ့ ဖြစ်ရပ်တွေပဲ ပါဝင်နေတာကြောင့် ဖြစ်ပါတယ်။
ဒီဇင်ဘာလ ၂၅ ရက်နေ့အထိ ကုန်ထုတ်လုပ်ငန်းနယ်ပယ်မှာ လူ ၁၇,၀၀၀ နီးပါး အလုပ်အကိုင် ဆုံးရှုံးခဲ့ကြပါတယ်။ စားသောက်ဆိုင်လုပ်ငန်းနယ်ပယ်မှာ လူပေါင်း ၁၁,၀၀၀ အလုပ်လက်မဲ့ ဖြစ်ခဲ့ပါတယ်။ လက်လီအရောင်းလုပ်ငန်းနယ်ပယ်မှာ လူ ၁၀,၀၀၀ ကျော်ကျော်နဲ့ တည်းခိုခန်းလုပ်ငန်းနယ်ပယ်မှာ လူ ၉,၆၀၀ အလုပ်အကိုင် ဆုံးရှုံးခဲ့ကြပါတယ်။
ကြာသပတေးနေ့မှာ တိုကျိုနဲ့ အနီးပတ်ဝန်းကျင် ခရိုင်တွေမှာ အရေးပေါ်အခြေအနေ ကြေညာချက် ထုတ်ပြန်ဖို့ရှိနေတာကြောင့် နောက်ထပ် အလုပ်အကိုင် ဆုံးရှုံးမှုတွေ ရှိလာမယ်လို့ အလုပ်သမား သမဂ္ဂတွေက သတိပေးနေပါတယ်။
အလုပ်အကိုင်တွေကို ထိန်းသိမ်းထားရေးအတွက် အစိုးရရဲ့ အရေးပေါ် ထောက်ပံ့ကြေးကို လျှောက်ထားကြဖို့ ကုမ္ပဏီတွေကို အဲဒီ ဝန်ကြီးဌာနက တောင်းဆိုနေပါတယ်။