မြောက်ကိုရီးယားပါတီညီလာခံကို ၅နှစ်တာအတွင်း ပထမဆုံးအကြိမ် ကျင်းပ

မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီရဲ့ ညီလာခံကို အင်္ဂါနေ့က ဖွင့်လှစ်ကျင်းပခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ပြောပါတယ်။

ဒါဟာ ၅နှစ်တာအတွင်း ပထမဆုံးအကြိမ်ပြုလုပ်တဲ့ ညီလာခံပဲ ဖြစ်ပါတယ်။ ဒီညီလာခံမှာ နိုင်ငံရဲ့ နျူကလီးယားနဲ့ ဒုံးလက်နက် အစီအစဉ်တွေလိုမျိုး နယ်ပယ်တွေမှာ ဘယ်လိုဦးတည်ချက်တွေ ချမှတ်မလဲဆိုတဲ့အပေါ် အများက အာရုံစိုက်နေကြပါတယ်။
အဲဒီညီလာခံကို အမေရိကန် ရွေးကောက်ခံသမ္မတ Joe Biden သမ္မတရာထူးဆက်ခံဖို့ သီတင်းနှစ်ပတ်အလိုလောက်မှာ စတင်လိုက်တာဖြစ်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က မိန့်ခွန်းပြောကြားပြီး ညီလာခံကို စတင်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာ Rodong Sinmun က ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပါတယ်။
သူ့မိန့်ခွန်းထဲမှာ မစ္စတာ Kim က နိုင်ငံ့စီးပွားရေး ကျဆင်းခဲ့တယ်လို့ ဝန်ခံပြောဆိုခဲ့ပြီး ပြီးခဲ့တဲ့နှစ်မှာ အပြီးသတ်ဖို့ စီစဉ်ထားခဲ့တဲ့ ၅နှစ်တာ စီးပွားရေးအစီအစဉ်ဟာ နယ်ပယ်တွေ အားလုံးနီးပါးမှာ ရည်မှန်းချက်တွေကို အကောင်အထည် မဖော်နိုင်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။
သံတမန်ရေးရာနဲ့ တခြားအရေးကိစ္စတွေနဲ့ပတ်သက်ပြီး ပြောဆိုရာမှာတော့ “ကိုရီးယားနှစ်နိုင်ငံပေါင်းစည်းရေး၊ ပြည်ပဆက်ဆံရေး တိုးမြှင့်ရေးနဲ့ ပါတီလုပ်ငန်းဆောင်တာတွေ အားကောင်းလာစေရေး”တွေအတွက် “မဟာဗျူဟာမြောက်တဲ့ မူဝါဒတွေ”ကို အကြံပြုသွားမယ်လို့ မစ္စတာ Kim က ဆိုပါတယ်။ အသေးစိတ် မှတ်ချက်ပြုပြောဆိုတာတွေကိုတော့ သတင်းဖော်ပြခြင်း မရှိခဲ့ပါဘူး။
အဲဒီညီလာခံကို ရက်အနည်းငယ်ကြာ ကျင်းပမယ်လို့ မျှော်လင့်ရပါတယ်။