နိုင်ငံ့လုံခြုံရေးဥပဒေ ချိုးဖောက်မှုနဲ့ ဟောင်ကောင်ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို ဖမ်းဆီး

ဟောင်ကောင်ဒေသအတွက် ပြဋ္ဌာန်းထားတဲ့ နိုင်ငံ့လုံခြုံရေးဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ သံသယနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူ ၅၀လောက်ကို ဗုဒ္ဓဟူးနေ့မနက်က ဖမ်းဆီးခဲ့တယ်လို့ ဟောင်ကောင်မီဒီယာတွေက ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ဥပဒေပြုကောင်စီဝင်ဟောင်းနဲ့ ဒီမိုကရက်တစ်ပါတီရဲ့ အကြီးအကဲဟောင်းဖြစ်သူ Wu Chi Wai နဲ့ ကြီးမားတဲ့ ဆန္ဒပြပွဲတွေကို စီစဉ်ခဲ့တဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူအဖွဲ့တစ်ဖွဲ့ကို ခေါင်းဆောင်ခဲ့ဖူးသူ ရပ်ကွက်ကောင်စီဝင် Jimmy Sham တို့ ပါဝင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
တရားစွဲဆိုမှုတွေရဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့ ဥပဒေပြုကောင်စီဝင်ရွေးကောက်ပွဲမှာ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ ပါဝင်တာကို လျှော့ချဖို့ ဇူလိုင်လမှာ ပြုလုပ်ခဲ့တဲ့ အကြိုရွေးကောက်ပွဲတွေနဲ့ ဆက်စပ်နေတယ်လို့ မီဒီယာတွေက ဆိုပါတယ်။
ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက ဟောင်ကောင်ဥပဒေပြု လွှတ်တော်မှာ နေရာအများစုကို အနိုင်ရနိုင်ခဲ့ရင် အစိုးရရဲ့ ဘဏ္ဍာရေးမူကြမ်းကို ပယ်ချတာမျိုး ဖြစ်လာနိုင်ခြေရှိပြီး ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam ကို နုတ်ထွက်စေဖို့ ဖိအားပေးမှု ဖြစ်လာမှာဖြစ်ပါတယ်။
ဒီလိုဖြစ်အောင် ကြိုးပမ်းမှုကို နိုင်ငံ့လုံခြုံရေးဥပဒေကို ချိုးဖောက်ပြီး အစိုးရကို ဆန့်ကျင်တဲ့လုပ်ရပ်အဖြစ် ရှုမြင်နိုင်ကြောင်း တရုတ်အစိုးရက ပြောပါတယ်။