WHO ကျွမ်းကျင်သူများအဖွဲ့ တရုတ်နိုင်ငံတွင်းကို ဝင်ခွင့်မရ

နိုင်ငံတကာ ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ တရုတ်နိုင်ငံထဲ ဝင်ရောက်ခွင့် မရခဲ့တဲ့နောက်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ အကြီးအကဲက စိတ်ပျက်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဇာစ်မြစ်နဲ့ ကူးစက်ပြန့်ပွားမှု အစောပိုင်းအဆင့် အဖြစ်အပျက်တွေကို လေ့လာစစ်ဆေးဖို့ WHO က အခုသီတင်းပတ်အတွင်းမှာ စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ဖွဲ့ စေလွှတ်ဖို့ စီစဉ်ထားခဲ့ပါတယ်။
WHO ရဲ့ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က "အဖွဲ့ဝင် ၂ ယောက်ဟာ သူတို့ရဲ့ ခရီးစဉ်ကို စတင်ထွက်ခွာသွားခဲ့ကြပြီ ဖြစ်ပြီးတော့ တခြားသူတွေက အခုနောက်ဆုံး အချိန်ကပ်ပြီးမှ မသွားနိုင်တော့တာကြောင့် ဒီသတင်းကိုကြားရပြီး ကျွန်တော် အလွန်တရာ စိတ်ပျက်မိပါတယ်" လို့ ပြောပါတယ်။
လုပ်ငန်းတာဝန်တွေကို တတ်နိုင်သမျှ အမြန်ဆုံး လုပ်ဆောင်နိုင်ဖို့ တရုတ်နိုင်ငံထဲကို ဒီအဖွဲ့ ချောချောမွေ့မွေ့ ဝင်ရောက်နိုင်ရေး အာမခံပေးဖို့ တရုတ်အရာရှိတွေကို ပြင်းပြင်းထန်ထန် တိုက်တွန်းခဲ့တယ်လို့ သူက ဆိုပါတယ်။
WHO ရဲ့ အရေးပေါ် အခြေအနေ တုံ့ပြန်ရေးဆိုင်ရာ အကြီးအကဲ Micheal Ryan က ကျွမ်းကျင်သူ နှစ်ဦးထဲက တစ်ဦးဟာ ပြန်လာနေပြီဖြစ်ပြီး နောက်တစ်ဦးကတော့ တခြားတစ်နိုင်ငံက လေယာဉ်ပြောင်းစီးတဲ့နေရာမှာ ရှိနေတယ်လို့ ဆိုပါတယ်။