ဂျပန်မှာ COVID-19 ကြောင့် အိမ်နဲ့ဟိုတယ်တွေမှာ သေဆုံးသူ ၁၂၀ ကျော်ရှိ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ရုတ်တရက် ရောဂါအခြေအနေ ပိုဆိုးရွားလာပြီး အိမ်တွေနဲ့ အခြား တည်းခိုရာ နေရာတွေမှာ သေဆုံးသွားကြသူ ဂျပန်နိုင်ငံတစ်ဝန်းမှာ အနည်းဆုံး ၁၂၂ ဦး ရှိတယ်လို့ NHK က သိရပါတယ်။

ဒီဇင်ဘာလအတွင်း သေဆုံးသူ ၅၆ ဦးရှိပြီး အဲဒီထဲက ၅၀ ဟာ နေအိမ် ဒါမှမဟုတ် ရောဂါလက္ခဏာ မပြင်းထန်သူတွေအတွက် တည်းခိုတဲ့နေရာတွေမှာ သီးခြား ခွဲနေထိုင်စဉ်အတွင်း သေဆုံးသွားတာ ဖြစ်တယ်လို့ ဂျပန်ရဲတပ်ဖွဲ့အေဂျင်စီက ဆိုပါတယ်။
တချို့ဖြစ်ရပ်တွေကတော့ နေမကောင်းဖြစ်ပေမဲ့ အချိန်မီ ကုသမှု မခံယူနိုင်ခဲ့တာကြောင့် ဖြစ်တယ်ဆိုတာနဲ့ အဲဒီသူတွေဟာ သေဆုံးပြီးမှ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်တယ်ဆိုတာ အတည်ပြုနိုင်တယ်လို့ အဲဒီ အေဂျင်စီက ဆိုပါတယ်။
ကူးစက်ရောဂါဆိုင်ရာ ဆေးပညာရှင်အဖွဲ့ရဲ့ ဥက္ကဋ္ဌ Tateda Kazuhiro က လူနာတွေဟာ ရောဂါလက္ခဏာအနည်းငယ်ပဲ ပြပေမဲ့ ရုတ်တရက် ရောဂါပြင်းထန်လာနိုင်တယ်လို့ ဆိုပါတယ်။
ရောဂါကူးစက်ခံထားရသူတွေကို ပုံမှန်စောင့်ကြည့်ဖို့နဲ့ ရုတ်တရက်အခြေအနေ ပြောင်းလဲလာတဲ့အခါ ကုသမှုခံယူဖို့အတွက် ကျန်းမာရေးဌာနတွေဆီ ပို့ဆောင်ပေးရေး မူဘောင်တစ်ခု ရေးဆွဲဖို့ သူက တောင်းဆိုနေပါတယ်။