အရေးပေါ်အခြေအနေ ကြေညာဖို့ အစိုးရကို ကျွမ်းကျင်ပညာရှင် အဖွဲ့ တိုက်တွန်း

တိုကျိုနဲ့ အနီးနား ခရိုင် ၃ခုမှာ တတ်နိုင်သမျှ အမြန်ဆုံး အရေးပေါ်အခြေအနေကြေညာသင့်တယ်လို့ ကိုရိုနာဗိုင်းရပ်စ် ဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အစိုးရအကြံပေးအဖွဲ့က ဆိုပါတယ်။

ဒီဗိုင်းရပ်စ်ဟာ မြို့ကြီးမှာသာမက နယ်တွေမှာပါ ကူးစက်နေပုံရတာကို ထောက်ပြပြီး အရင်က မမြင်ဖူးတဲ့ အသွင်ပုံစံတွေနဲ့ ကူးစက်မှုတွေ ဖြစ်နေတယ်လို့ အဲဒီ အဖွဲ့က ဆိုပါတယ်။ အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှုတွေဟာ ပုံစံအမျိုးမျိုး ဖြစ်လာနေတယ်လို့လည်း သူတို့က ဆိုပါတယ်။
မြို့တော်ဧရိယာတွေမှာ ကူးစက်မှုတွေကို မထိန်းချုပ်နိုင်ဘူးဆိုရင် နိုင်ငံတစ်ဝန်းမှာ ဒီဗိုင်းရပ်စ် ပိုပြီး ပျံ့နှံ့သွားနိုင်တယ်လို့ အဲဒီ အဖွဲ့က သတိပေးထားပါတယ်။
ကျန်းမာရေးဝန်ဆောင်မှုတွေမှာ အကြီးအကျယ် ဝန်ပိမှုတိုးလာနေပြီး တိုကျိုမှာ နေ့စဉ် အသစ်ကူးစက်ခံရသူ အရေအတွက်ဟာ စံချိန်တင်နေတယ်လို့ အဲဒီ အဖွဲ့က ဆိုပါတယ်။
အဲဒီ ဧရိယာက လူတွေအနေနဲ့ မလိုအပ်ပဲ အပြင်သွားတာကို ရှောင်ကြဉ်ဖို့နဲ့ အိမ်ကနေ အလုပ်လုပ်တာကို တိုးမြှင့်ပြီး အလုပ်သွားလာမှုကို ၇၀ရာခိုင်နှုန်း လျှော့ချဖို့ အဲဒီ အဖွဲ့က တောင်းဆိုထားပါတယ်။
စီးပွားရေးလုပ်ငန်းတွေကို ထောက်ပံ့တာနဲ့ ပြစ်ဒဏ်ပေးစနစ် ထူထောင်တာတွေကတစ်ဆင့် ကူးစက်မှု တုံ့ပြန်ရေးလုပ်ငန်းစဉ်တွေ ပိုမိုထိရောက်စေဖို့ အထူးဥပဒေကို ပြန်လည်ပြင်ဆင်ပေးဖို့လည်း အစိုးရကို အဲဒီအဖွဲ့က တိုက်တွန်းနေပါတယ်။