အရေးပေါ်အခြေအနေ အသေးစိတ် အချက်တွေကို အပြီးသတ်ဖို့ ဝန်ကြီးတွေကို ဂျပန်ဝန်ကြီးချုပ် တိုက်တွန်း

ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်တားဆီးဖို့ တိုကျိုနဲ့ အနီးနားက ခရိုင် ၃ခုမှာ အရေးပေါ်ကြေညာချက် ထုတ်ပြန်မယ့် အစီအစဉ်နဲ့ပတ်သက်ပြီး ဂျပန်အစိုးရက ကြာသပတေးနေ့မှာ အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်မှာ ဖြစ်ပါတယ်။ ဂျပန်ဝန်ကြီးချုပ် Suga Yoshihide က အဲဒီ ကြေညာချက်တစ်ခုရဲ့အောက်မှာ လုပ်ဆောင်သင့်တဲ့ အသေးစိတ် လုပ်ငန်းဆောင်ရွက်ချက်တွေကို အမြန်ဆုံး အပြီးသတ်ရေးဆွဲဖို့ သက်ဆိုင်ရာ ဝန်ကြီးတွေကို တိုက်တွန်းခဲ့ပါတယ်။

စီးပွားရေး ပြန်လည်အားကောင်းလာစေရေး ဝန်ကြီးလည်းဖြစ်၊ ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်ကာကွယ်ရေးတာဝန်ခံ ဝန်ကြီးလည်းဖြစ်တဲ့ Nishimura Yasutoshi ၊ ကျန်းမာရေးဝန်ကြီး Tamura Norihisa တို့နဲ့ မစ္စတာ Suga ဟာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ပါတယ်။
အစိုးရဟာ ကြာသပတေးနေ့မှာ ပြုလုပ်မယ့် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေးမှာ အဲဒီ အပြီးသတ်ဆုံးဖြတ်ချက်ကို ချမှတ်ဖို့ စီစဉ်ထားပါတယ်။
အရေးပေါ်ကြေညာချက်အရ အစိုးရဟာ စားသောက်ဆိုင်တွေနဲ့ အရက်ဆိုင်တွေမှာ ကူးစက်မှု အန္တရာယ်လျှော့ချဖို့ အပါအဝင် အကန့်အသတ်နဲ့ အာရုံစိုက် လုပ်ဆောင်တဲ့ ပုံစံနဲ့ လုပ်ငန်းစဉ်တွေကို ချမှတ်သွားမယ်လို့ ဆိုပါတယ်။
အချိန်တိုပဲ ဖွင့်လှစ်ဖို့ တောင်းဆိုချက်တွေကို လိုက်နာဖို့ ငြင်းဆန်တဲ့ စားသောက်ဆိုင်တွေနဲ့ အရက်ဆိုင်တွေရဲ့ အမည်တွေကို ထုတ်ဖော်ပြောဆိုခွင့်ပြုတဲ့ ဥပဒေပြင်ဆင်ချက်ကိုလည်း လွှတ်တော်မှာ တင်သွင်းဖို့ မစ္စတာ Suga က စီစဉ်ထားပါတယ်။
အဲဒီလို တောင်းဆိုချက်တွေကို လိုက်နာတဲ့ ဆိုင်တွေအတွက် ငွေကြေးထောက်ပံ့မှုကို တိုးချဲ့ဖို့ အစိုးရက စဉ်းစားနေပါတယ်။
အိမ်ကနေအလုပ်လုပ်ဖို့ ပိုမို အားပေးလှုံ့ဆော်တာနဲ့ လူစုဝေးတာနဲ့ ပွဲတွေအတွက် ပိုပြီး တင်းကျပ်တဲ့ ကန့်သတ်ချက်တွေလည်း ချမှတ်ဖို့ အစိုးရက လုပ်ဆောင်ဖွယ် ရှိပါတယ်။