Toyosu စျေးကြီးမှာ ၂၀၂၁ အတွက် ပထမဆုံး တူနာငါး လေလံပွဲ ပြုလုပ်ခဲ့

တိုကျိုမှာရှိတဲ့ Toyosu လက်ကားစျေးကြီးက ငါးကုန်သည်တွေဟာ ၂၀၂၁ ခုနှစ်ရဲ့ ပထမဆုံး တူနာငါး လေလံပွဲကို အင်္ဂါနေ့ ကပြုလုပ်ပြီး ဒီနှစ်မှာ စီးပွားတိုးတက်ကောင်းမွန်စေဖို့ ဆုတောင်းခဲ့ကြပါတယ်။

အဲဒီနှစ်သစ်ပွဲတော်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ကာကွယ်တားဆီးတဲ့အနေနဲ့ တက်ရောက်သူ အရေအတွက်ကို ကန့်သတ်ထားခဲ့ပါတယ်။ မနှစ်က အဲဒီစျေးက ငါးကုန်သည်တွေကြားမှာ ကူးစက်မှုတွေ ဆက်တိုက်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
တူနာငါးလေလံပွဲ မတိုင်ခင် လက်ကားရောင်းချသူတွေရဲ့ ကိုယ်စားလှယ် တစ်ဦးက ဒီကပ်ရောဂါကြီး ဖြစ်နေတဲ့အတွင်းမှာတောင် ငါးနဲ့ ပင်လယ်ထွက်ပစ္စည်းတွေကို တည်တည်ငြိမ်ငြိမ် ဖြည့်ဆည်းပေးနိုင်ဖို့ ကတိပြု ပြောကြားခဲ့ပါတယ်။ မနက် ၅နာရီ ထိုးပြီးခါစ အချိန်မှာ ခေါင်းလောင်းသံနဲ့အတူ အဲဒီလေလံခန်းမ တစ်ခုလုံး စည်ကား အသက်ဝင်လာခဲ့ပါတယ်။ လေလံပွဲအတွက် ဂျပန်တစ်ဝန်းက လတ်လတ်ဆတ်ဆတ် တူနာငါးတွေနဲ့ ရေခဲရိုက်ထားတဲ့ ငါးတွေ ရောက်ရှိလာခဲ့ပါတယ်။
Aomori ခရိုင် မြောက်ပိုင်း Oma မြို့က ၂၀၈ကီလိုဂရမ် အလေးချိန်ရှိတဲ့ ဆူးတောင်ပြာ တူနာငါးတစ်ကောင်က အမြင့်ဆုံးစျေးနှုန်း ရရှိခဲ့ပါတယ်။
ငါးကုန်သည်တစ်ဦးက အဲဒီ ငါးကို အမေရိကန်ဒေါ်လာ ၂သိန်း ဝန်းကျင်လောက်အထိ စျေးပေး ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ၂၀၁၉ ခုနှစ် စျေးကွက်အစမှာ စံချိန်တင်ခဲ့တဲ့ အမေရိကန်ဒေါ်လာ ၃.၂ သန်းထက် အတော်လေး လျော့နည်းနေတာ ဖြစ်ပါတယ်။