တောင်ကိုရီးယားပိုင် ရေနံတင်သင်္ဘောကို အီရန်ဖမ်းဆီးထိန်းသိမ်း

တောင်ကိုရီးယားမှာ မှတ်ပုံတင်ထားတဲ့ ရေနံတင်သင်္ဘောကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျင့်ဝတ်တွေကို ချိုးဖောက်တဲ့အတွက် ပါရှန်းပင်လယ်ကွေ့မှာ ဖမ်းဆီး ထိန်းသိမ်းလိုက်တယ်လို့ အီရန်က ကြေညာလိုက်ပါတယ်။

ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ အဲဒီ သင်္ဘောကို နိုင်ငံတောင်ပိုင်းမှာရှိတဲ့ ဆိပ်ကမ်းကို လွှဲပြောင်းပေးခဲ့တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေ အပါအ၀င် အဲဒီသင်္ဘောက ဝန်ထမ်းတွေကို ထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ရေနံတင်သင်္ဘောဟာ အဏ္ဏဝါ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျင့်ဝတ်တွေကို ဖောက်ဖျက်ခဲ့တယ်လို့ အီရန်အရာရှိတွေက ပြောပါတယ်။ ဥပဒေကြောင်းအရ တရားစွဲဆိုဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သူတို့က ပြောကြားခဲ့ပါတယ်။
အိုမန်နိုင်ငံကမ်းလွန်က ရေပြင်ကို ဖြတ်သန်းသွားနေတဲ့ အဲဒီ သင်္ဘောဟာ အီရန်အာဏာပိုင်တွေရဲ့ တောင်းဆိုချက်အရ အီရန်ကို လမ်းကြောင်းပြောင်း ဦးတည်သွားခဲ့တယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့ပါတယ်။
အဲဒီသင်္ဘောနဲ့ တောင်ကိုရီးယားနိုင်ငံသား ၅ဦးအပါအဝင် ဝန်ထမ်း၂၀ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်ကိုရီးယားက တောင်းဆိုထားပါတယ်။
နိုင်ငံတကာရေပြင်မှာ သင်္ဘောဖြတ်သန်းသွားနေတုန်းမှာ အီရန်အာဏာပိုင်တွေက ဆက်သွယ်ခဲ့တယ်လို့ဆိုတဲ့ အဲဒီ ရေနံတင်သင်္ဘောကို စီမံခန့်ခွဲနေတဲ့ ကုမ္ပဏီက အရာရှိတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး တောင်ကိုရီးယား Yonhap သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့ပါတယ်။ အဲဒီ အရာရှိက သင်္ဘောဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျင့်ဝတ်တွေကို ချိုးဖောက်မှု တစ်စုံတစ်ရာမရှိခဲ့ဘူးလို့ဆိုပြီး စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက အဲဒီသင်္ဘော ဖမ်းဆီးခံရတဲ့နေရာ အနီးဧရိယာတွေမှာ တပ်ဖွဲ့တွေကို တာဝန်ချဖို့ စေလွှတ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။