အီရန်က ယူရေနီယံ သန့်စင်မှု တိုးမြှင့်ဆောင်ရွက်

ယူရေနီယံ သန့်စင်မှု ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့််တဲ့လုပ်ငန်းတွေ ပြန်စနေပြီလို့ အီရန်နိုင်ငံက ပြောပါတယ်။ ဒါဟာ အင်အားကြီး နိုင်ငံတွေနဲ့ ချုပ်ဆိုထားတဲ့ ၂၀၁၅ နျူကလီးယား သဘောတူညီချက်ကို သိသိသာသာ ချိုးဖောက်တဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။

အီရန်ရဲ့ နျူကလီးယား အေဂျင်စီနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်တွေက အီရန်နိုင်ငံ အလယ်ပိုင်း Fordow က နျူကလီးယားစက်ရုံတစ်ရုံမှာ ဒီလုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်နေတယ်လို့ NHK ကို ပြောကြားခဲ့ပါတယ်။
၂၀ ရာခိုင်နှုန်းအထိ သန့်စင်ထားတဲ့ ယူရေနီယံဟာ လက်နက်ထုတ်လုပ်နိုင်တဲ့အဆင့်ရှိတဲ့ ယူရေနီယအဖြစ် အလျင်အမြန် ပြောင်းပစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
အီရန်ဟာ ယူရေနီယံ သန့်စင်မှုတွေကို ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်တဲ့ လုပ်ငန်းကို စတင်နေတာကို အတည်ပြုထားကြောင်း နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က ပြောပါတယ်။
အခုနောက်ဆုံးလုပ်ရပ်ဟာ အီရန်အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အလျင်အမြန် ရုပ်သိမ်းရေး အမေရိကန်ရဲ့ ရွေးကောက်ခံ သမ္မတ Joe Biden ကို ဖိအားပေးဖို့ အီရန်အစိုးရရဲ့ ကြိုးပမ်းမှုတစ်ရပ်အဖြစ် ရှုမြင်ရပါတယ်။