တရုတ်က လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေတွေရဲ့ လိုင်စင်တွေ ပြန်သိမ်းခံရဖွယ်ရှိနေ

လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေ ၂ ဦးဆီကို သူတို့ရဲ့ ရှေ့နေလိုင်စင်တွေကို ပြန်သိမ်းမယ်လို့ တရုတ်အာဏာပိုင်တွေက အကြောင်းကြားခဲ့ပါတယ်။

အဲဒီရှေ့နေ ၂ ဦးဟာ ပြီးခဲ့တဲ့နှစ်က ထိုင်ဝမ်ကို ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ ဟောင်ကောင်လှုပ်ရှားသူတွေနဲ့ ဆက်စပ်ပတ်သက်ခဲ့တဲ့ နောက်ပိုင်း အခုလို လုပ်ဆောင်ခံရတာ ဖြစ်ပါတယ်။
ရှေ့နေတွေဖြစ်ကြတဲ့ Ren Quanniu နဲ့ Lu Siwei တို့ဟာ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ကျောင်းသူ ကျောင်းသား တွေကို တရားခွင်မှာ သူတို့ကိုယ်စား ဆောင်ရွက်ပေးဖို့ ဒါမှမဟုတ် သူတို့မိသားစုတွေရဲ့ တောင်းဆိုချက်နဲ့ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ သူတို့နဲ့ တွေ့ဆုံဖို့ စတာတွေကို ကူညီဖို့ ကြိုးစားခဲ့ပါတယ်။
အဲဒီလှုပ်ရှားသူတွေဟာ ပြီးခဲ့တဲ့နှစ်တုန်းက ထိုင်ဝမ်ကို လှေနဲ့ ထွက်ပြေးဖို့ ကြိုးစားနေစဉ် အဖမ်းဆီးခံခဲ့ရပြီး ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထောင်ဒဏ် စီရင်ခြင်းခံခဲ့ရပါတယ်။
သူတို့ရဲ့ တရားခွင်မှာ လှုပ်ရှားသူတွေကို ရှေ့နေလိုက်ပေးဖို့ ဒီရှေ့နေတွေရဲ့ တောင်းဆိုချက်ဟာ ပယ်ချခံခဲ့ရပါတယ်။
အဲဒီရှေ့နေတွေရဲ့ အရင်တုန်းကအမှုတွေကို ကိုင်တွယ်ခဲ့ပုံနဲ့ အွန်လိုင်းစာမျက်နှာတွေပေါ်မှာ ရေးသားခဲ့တဲ့ အကြောင်းအရာ တွေကြောင့် သူတို့ရဲ့ ရှေ့နေ လိုင်စင်ကို ပြန်သိမ်းမှာဖြစ်တယ်လို့ တရုတ်အာဏာပိုင်တွေက ဆိုပါတယ်။ သူတို့ဟာ ရှေ့နေဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
NHK က တယ်လီဖုန်းနဲ့ မေးမြန်းခဲ့ရာမှာ မစ္စတာ Ren က ဒီမိုကရေစီရေးလှုပ်ရှားသူတွေရဲ့ မိသားစုတွေ ဆီကနေ မေတ္တာရပ်ခံချက်ကို အောက်တိုဘာလမှာ လက်ခံခဲ့ပြီးနောက်ပိုင်း တရုတ်အာဏာပိုင် တွေက ပိုပြီး ဖိအားပေးလာနေတာကို ခံစားခဲ့ရကြောင်း ပြောခဲ့ပါတယ်။
သူ့ရဲ့ ရှေ့နေလိုင်စင်ကို ပြန်သိမ်းခံရဖို့ ဖြစ်လာတာဟာ နောက်ဆုံးပတ်သက်ခဲ့တဲ့ အဲဒီအမှုက အဓိက အကြောင်းရင်းဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ ဒါဟာ လက်ဆုပ်လက်ကိုင် မရှိတဲ့ ဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့ ရှေ့နေတစ်ယောက်အပေါ် မတရား ဖိနှိပ်တာဖြစ်တယ်လို့ သူက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။