အင်္ဂလန်ဆိုင်ရာ အပြင်မထွက်ရ အမိန့်သစ်ကို ဗြိတိန် ဝန်ကြီးချုပ် ထုတ်ပြန်

ပိုပြီး ပြင်းထန်တဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် တစ်မျိုးကို တိုက်ဖျက်ဖို့ အင်္ဂလန်ဆိုင်ရာ အပြင်မထွက်ရ အမိန့်သစ်တစ်ခုကို ဗြိတိန် ဝန်ကြီးချုပ် Boris Johnson က ထုတ်ပြန်လိုက်ပါတယ်။

ဗြိတိန်မှာ COVID-19 ကူးစက်သူအသစ် စံချိန်သစ်တင်ပြီး ၅၈,၇၈၄ ဦး အတည်ပြုခဲ့တဲ့ တနင်္လာနေ့ ညနေပိုင်းမှာ မစ္စတာ Johnson က ရုပ်မြင်သံကြားကနေ ဒီကြေညာချက်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
လုပ်ငန်းစဉ်အသစ်အောက်မှာ စားသောက်ကုန် ဝယ်ယူဖို့နဲ့ ကျန်းမာရေး လေ့ကျင့်ဖို့လို အကြောင်းပြချက်တွေအတွက်ပဲ အိမ်ပြင်ထွက်ခွင့်ပြုမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။ မဖြစ်မနေ လိုအပ်တာမဟုတ်တဲ့ပစ္စည်း အရောင်းဆိုင်တွေကို ပိတ်ထားဖို့ တောင်းဆိုနေပါတယ်။
စည်းကမ်းချက်တွေကို ချိုးဖောက်သူတွေဟာ ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၂၇၀ လောက် ပေးဆောင်ရမှာ ဖြစ်ပါတယ်။
အင်္ဂလန်တစ်ဝန်းက မူလတန်းနဲ့ အလယ်တန်းကျောင်းတွေနဲ့ အသက်မွေးပညာသင်ကျောင်းတွေအနေနဲ့ အင်္ဂါနေ့ကစပြီး ဖေဖော်ဝါရီလ အလယ်ပိုင်းအထိ အွန်လိုင်းသင်ကြားမှုတွေကို ပြောင်းလဲလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်က "ဒီမျိုးဗီဇပြောင်း ဗိုင်းရပ်စ်သစ်ကို ထိန်းချုပ်နိုင်ဖို့ ကျွန်တော်တို့ ပိုပြီး အတူတကွ လုပ်ဆောင်ဖို့ လိုအပ်တာ သိသာထင်ရှားနေပါတယ်" လို့ ပြောပါတယ်။
"ပြည်သူတွေအနေနဲ့ ဘယ်လောက် စိတ်ပျက်နေကြမလဲဆိုတာ ကျွန်တော်သိပါတယ်။ ဒီဗိုင်းရပ်စ်ကို အနိုင်ယူဖို့နဲ့ ပတ်သက်တဲ့ အစိုးရရဲ့ လမ်းညွှန်ချက်တွေထက်ပိုပြီး လုပ်ဆောင်နေကြတာကို ကျွန်တော်သိပါတယ်။ ဒါပေမဲ့ အရင်ထက်ပိုပြီး ကျွန်တော်တို့ အတူလက်တွဲကြဖို့ လိုအပ်ပါတယ်" လို့ သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။