နှစ်စဉ်ကျင်းပနေတဲ့ ဂျပန်က လစာ ညှိနှိုင်းရေး အလုပ်ရှင် အလုပ်သမား ဆွေးနွေးမှုတွေ ခက်ခဲဖွယ်ရှိ

ကိုရိုနာဗိုင်းရပ်စ်က စီးပွားရေးကို ဆက်ပြီး ထိုးနှက်နေတဲ့အကြား ဂျပန်မှာ ကုမ္ပဏီနဲ့ အလုပ်သမားတွေရဲ့ လစာတိုးမြှင့်ရေး နွေဦးရာသီ ဆွေးနွေးမှုတွေဟာ ခက်ခဲနိုင်ဖွယ် ရှိနေပါတယ်။

Keidanren လို့ခေါ်တဲ့ ဂျပန့်စီးပွားရေးလုပ်ငန်းများအဖွဲ့ချုပ်နဲ့ Rengo လို့အမည်ရတဲ့ ဂျပန် အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် တို့ရဲ့ နှစ်စဉ်လုပ်ဆောင်တဲ့ လစာတိုးမြှင့်ရေး နွေဦးရာသီ ဆွေးနွေးပွဲတွေကို အခုလ နောက်ပိုင်းမှာ စတင်ဖို့ ရှိပါတယ်။
ဒါပေမဲ့ ဘာကို ဦးစားပေးမလဲဆိုတဲ့အပေါ် နှစ်ဘက်အကြားမှာ သဘောထားကွဲလွဲနေကြပါတယ်။
Rengo က မဖြစ်မနေလိုအပ်တဲ့ အလုပ်သမားတွေ (essential workers) လို့ ခေါ်သူတွေအတွက် ပိုပြီးကောင်းမွန်တဲ့ ခံစားခွင့်တွေ ပေးဖို့လိုလားနေပြီး အခြေခံလစာ ၂ ရာခိုင်နှုန်းလောက် တိုးမြှင့်ရေးကို ရည်မှန်းနေပါတယ်။
ဂျပန် အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌ Kozu Rikio က "စီးပွားရေးဟာ အကြီးအကျယ် အထိနာခဲ့ရပါတယ်။ ဒါပေမဲ့ စီးပွားရေးပြန်လည် ခေါင်းထောင်လာဖို့ လစာတိုးမြှင့်မှုအရှိန်ကို ထိန်းထားဖို့ လိုအပ်နေဆဲပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အလုပ်အကိုင်တွေကို ထိန်းသိမ်းဖို့နဲ့ လစာတိုးမြှင့်ဖို့ တစ်ပြိုင်တည်း လုပ်ဆောင်သွားသင့်ပါတယ်" လို့ ပြောခဲ့ပါတယ်။
ဒါပေမဲ့ Keidanren ကတော့ တစ်ပြေးညီ လစာတိုးမြှင့်ဖို့နဲ့ ပတ်သက်ပြီး သတိထားနေတဲ့ သဘောထားကို ပြသနေပါတယ်။ Keidanren က ဒါဟာ လက်တွေ့မဆန်ဘဲ အလုပ်သမားတွေကို ဆက်ပြီး အလုပ်ခန့်ထားနိုင်ရေးကို ဦးစားပေးရမယ်လို့ ဆိုနေပါတယ်။