သူနာပြုကျောင်းတွေက ကျောင်းသားတွေ စေလွှတ်ပေးဖို့ ဂျပန်အစိုးရ တောင်းဆို

သူနာပြုလိုင်စင်ရထားပြီးသူ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေကို ဆေးရုံတွေကို စေလွှတ်ပေးဖို့ ဂျပန် ကျန်းမာရေး ဝန်ကြီးဌာနက နိုင်ငံတစ်ဝန်းက သူနာပြု တက္ကသိုလ် ကောလိပ်ကျောင်းတွေကို တောင်းဆိုလိုက်ပါတယ်။

ဂျပန်တစ်ဝန်းက ဆေးကုသရေးဌာနတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးလာနေတာကြောင့် သူနာပြု မလုံလောက်မှု အခက်အခဲတွေ့နေကြတာကြောင့် အခုလို တောင်းဆိုမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
သူနာပြု မလုံလောက်မှုကြောင့် အဲဒီဌာနတွေမှာ ပုံမှန် ဆေးကုသရေး ဝန်ဆောင်မှုတွေ ပေးနိုင်စွမ်းလည်း ထိခိုက်လာနေရပါတယ်။
သူနာပြုလိုင်စင် ရထားပြီးတဲ့ ကျောင်းပြီးပြီးသား ကျောင်းသားတွေနဲ့ သင်ကြားရေးဝန်ထမ်းတွေကို စေလွှတ်ပေးဖို့ သူနာပြုပညာရပ်သင်ကြားပေးနေတဲ့ ကောလိပ်နဲ့ တက္ကသိုလ် ၂၈၀ ကို ကျန်းမာရေး ဝန်ကြီးဌာနက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ ကိုရိုနာဗိုင်းရပ်စ် လူနာတွေကို လက်ခံနေတဲ့ ဆေးရုံနဲ့ ဆေးကုသရေးဌာနတွေမှာ အလုပ်လုပ်ကြရမှာ ဖြစ်ပါတယ်။
အဲဒီကျောင်းသားနဲ့ ဝန်ထမ်းတွေကို ခရိုင်အလိုက် သတ်မှတ်ထားတဲ့ "သူနာပြုစင်တာ" တွေမှာ မှတ်ပုံတင်ကြဖို့ တောင်းဆိုထားပါတယ်။ သူတို့ရဲ့ အလုပ်လုပ်နိုင်တဲ့ အချိန်နဲ့ နေရာတွေအပေါ် အခြေခံပြီး အဲဒီစင်တာတွေက ဆေးကုသရေးဌာနတွေကို သတ်မှတ်ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။