တိုကျို ပတ်ဝန်းကျင်ဧရိယာမှာ ဒုတိယမြောက် အရေးပေါ် အခြေအနေ ကြေညာချက် ထုတ်ပြန်ဖွယ်ရှိ

အခု ထုတ်ပြန်မယ့် ဒုတိယမြောက် အရေးပေါ်အခြေအနေ ကြေညာချက်ဟာ ပြီးခဲ့တဲ့ နွေဦးရာသီတုန်းက ပထမဦးဆုံးထုတ်ပြန်ခဲ့စဉ်က ပါဝင်ခဲ့တဲ့ လုပ်ငန်းစဉ်တစ်ခုအပေါ် ပိုပြီးအာရုံစိုက်ဖွယ်ရှိတယ်လို့ ဂျပန် ဝန်ကြီးချုပ် Suga Yoshihide က ပြောလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဆက်ပြီး တိုးလာနေတာကြောင့် တိုကျို ပတ်ဝန်းကျင်က လူသန်းပေါင်းများစွာကို အရေးပေါ် အခြေအနေ ကြေညာချက်နဲ့ ထိန်းချုပ်မှာ ဖြစ်ပါတယ်။
တနင်္လာနေ့မှာ မစ္စတာ Suga က " ပိုပြီး အားကောင်းတဲ့ အသိပေးချက်ကို ထုတ်ပြန်ဖို့ လိုအပ်လာနေတဲ့ ဒီအနေအထားတွေကို ကျွန်တော်တို့ အလေးအနက်ထားနေပါတယ်။ အကန့်အသတ်ရှိပေမဲ့ အားကောင်းတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်တာဟာ ထိရောက်မယ်လို့ ကျွန်တော်ယူဆပါတယ်။" လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ဒီကိစ္စနဲ့ ပတ်သက်ပြီး ကြာသပတေးနေ့မှာ နောက်ဆုံးအဆင့် ဆုံးဖြတ်ချက်ကို အစိုးရက ထုတ်ပြန်မယ်လို့ သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ ဒီကြေညာချက်ကို တိုကျို၊ Kanagawa ၊ Saitama နဲ့ Chiba ခရိုင်တွေမှာ ထုတ်ပြန်မယ်လို့ မစ္စတာ Suga က ဆိုပါတယ်။ ဒီ ကြေညာချက်ရဲ့ လုပ်ငန်းစဉ်တွေကို တစ်လလောက် ထားရှိဖွယ်ရှိပါတယ်။
အရေးပေါ်အခြေအနေ ကြေညာချက်အရ ဗိုင်းရပ်စ် တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေမှာ ဒေသတွင်းနေထိုင်သူတွေ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းနိုင်တဲ့ တရားဝင် အခွင့်အာဏာကို ခရိုင်အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ရရှိမှာဖြစ်ပါတယ်။
အဲဒီ ခရိုင် ၄ခုရဲ့ အုပ်ချုပ်ရေးမှူးတွေဟာ ည ၈ နာရီ နောက်ပိုင်းမှာ မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့ ပြည်သူတွေကို တောင်းဆိုကြမှာ ဖြစ်ပါတယ်။
အရက်ဆိုင်နဲ့ စားသောက်ဆိုင်တွေကို အဲဒီအချိန် နောက်ဆုံးထားပြီး ပိတ်ကြဖို့လည်း သူတို့က တောင်းဆိုမှာ ဖြစ်ပါတယ်။
တိုကျိုမြို့အုပ်ချုပ်ရေးမှူး Koike Yuriko က "အခြေအနေတွေက လုံးလုံးလျားလျား ခြားနားတဲ့ အဆင့်ကို ရောက်လာနေပါတယ်။ လူတွေရဲ့ သွားလာလှုပ်ရှားမှုကို သိသိသာသာ တားဆီးတာ၊ လူတစ်ဦးနဲ့တစ်ဦး ထိတွေ့ဆက်ဆံမှုတွေ လျှော့ချတာတွေ အပါအဝင် ကူးစက်မှု အန္တရာယ်ကို လျှော့ချဖို့ ကြိုးပမ်းမှုတွေ လိုအပ်တယ်။" လို့ ပြောပါတယ်။
ဂျပန်က အရေးပေါ်အခြေအနေ ကြေညာချက်ဟာ အနောက်နိုင်ငံအများအပြားထက် တင်းကျပ်မှုလျော့နည်းပါတယ်။ အခုအချိန်အထိ ဒီကြေညာချက်ဟာ တင်းကျပ်တဲ့အမိန့်ထုတ် တားမြစ်မှုထက် ဆန္ဒအလျောက် ပူးပေါင်းဆောင်ရွက်မှုကို အလေးထားတာဖြစ်ပါတယ်။
ဒါပေမဲ့ လိုက်နာမှုမရှိသူတွေကို ဒဏ်ခတ်ခွင့်ပြုမယ့် ဥပဒေပိုင်းဆိုင်ရာ ပြန်လည်ပြင်ဆင်ချက်ကို လွှတ်တော်မှာ သူ တင်သွင်းမယ်လို့ မစ္စတာ Suga က ပြောပါတယ်။