အမေရိကန်လွှတ်တော်အသစ် ရွေးကောက်ပွဲရလဒ်တွေကို အတည်ပြုဖို့ စီစဉ်

အမေရိကန်ပြည်ထောင်စုမှာ လွှတ်တော်အသစ် စတင်လိုက်ပြီဖြစ်ပါတယ်။

၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေရဲ့ မဲတွေအပေါ် မသမာမှုတွေ ပြုလုပ်ခဲ့တယ်လို့ သမ္မတ Donald Trump က ဆက်လက် စွပ်စွဲနေတဲ့အတောအတွင်းမှာပဲ ရွေးကောက်ပွဲရလဒ်တွေကို လွှတ်တော်အမတ်တွေက အတည်ပြုဖို့ စီစဉ်ထားပါတယ်။
နိုဝင်ဘာလက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့အမတ်တွေ အပါအဝင် လွှတ်တော်အမတ်တွေအားလုံး တနင်္ဂနွေနေ့က ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပါတယ်။ ဒီမိုကရက်တစ်ပါတီက လွှတ်တော်အမတ် Nancy Pelosi ဟာ အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ထပ်မံရွေးကောက် တင်မြှောက်ခံခဲ့ရပါတယ်။
Joe Biden ကို သမ္မတရွေးကောက်ပွဲမှာ အနိုင်ရသူအဖြစ် နောက်ဆုံးအတည်ပြုဖို့အတွက် အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် ၂ရပ်ရဲ့ ပူးတွဲအစည်းအဝေးတစ်ခုကို ဗုဒ္ဓဟူးနေ့မှာ ကျင်းပသွားဖို့ရှိပါတယ်။
ဒါပေမဲ့ သမ္မတ Trump က ရွေးကောက်ပွဲရဲ့ ရလဒ်တွေကို ကန့်ကွက်ကြဖို့ ရီပတ်ဘလီကန် လွှတ်တော်အမတ်တွေအပေါ် ပြင်းပြင်းထန်ထန် တောင်းဆိုနေပါတယ်။
အောက်လွှတ်တော်မှာ ဒီမိုကရက်တွေက အများစုနေရာရထားပြီး အထက်လွှတ်တော်ကို ဦးဆောင်နေတဲ့ ရီပတ်ဘလီကန်အမတ်တွေကလည်း မစ္စတာ Biden ကို အနိုင်ရသူအဖြစ် လက်ခံထားပြီးဖြစ်တာကြောင့် ရွေးကောက်ပွဲရလဒ်တွေ ပြောင်းလဲသွားဖို့ဆိုတာ မဖြစ်နိုင်ကြောင်း အများက ရှုမြင်နေကြပါတယ်။