ဗြိတိန်ဝန်ကြီးချုပ်က နိုင်ငံမှာ တင်းကျပ်တဲ့ ကန့်သတ်မှုတွေ ချမှတ်နိုင်ခြေရှိကြောင်းပြော

ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အလျင်အမြန် ကူးစက်ပြန့်ပွားနေတဲ့ သူ့နိုင်ငံမှာ ပိုမိုတင်းကျပ်တဲ့ကန့်သတ်မှုတွေ လိုအပ်လိမ့်မယ်လို့ ပြောပါတယ်။

ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၆ ရက် ဆက်တိုက် ၅၀,၀၀၀ ကျော်ခဲ့ပြီး တနင်္ဂနွေနေ့မှာ ကူးစက်ခံရသူအသစ် ၅၄,၉၉၀ ရှိခဲ့ကြောင်း အတည်ပြုခဲ့တယ်လို့ မစ္စတာ Johnson က BBC သတင်းဌာနကို တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။
ပြည်သူတွေ အပြင်ထွက်သွားလာတာကို ကန့်သတ်တာတွေနဲ့ မရှိမဖြစ် မလိုအပ်တဲ့ဆိုင် အားလုံးနီးပါးကို ပိတ်ထားဖို့ ညွှန်ကြားချက်တွေကို လန်ဒန်အပါအဝင် အင်္ဂလန် အရှေ့တောင်ပိုင်းမှာ ကျင့်သုံးနေပြီ ဖြစ်ပါတယ်။
မစ္စတာ Johnson က "နိုင်ငံရဲ့ နေရာတော်တော်များများမှာ ပိုမိုတင်းကျပ်တဲ့ ကန့်သတ်ထိန်းချုပ်မှုတွေကို လာမယ့် သီတင်းပတ်အနည်းငယ်အတွင်းမှာ လုပ်ဆောင်ဖို့ လိုအပ်လာပါလိမ့်မယ်" လို့ ပြောပါတယ်။
နွေဦးရာသီမတိုင်ခင်မှာ ပြည်သူတော်တော်များများ ကာကွယ်ဆေး ထိုးထားပြီးသားဖြစ်မယ့်အတွက် အခြေအနေက တိုးတက်လာလိမ့်မယ်လို့ သူမျှော်လင့်ကြောင်းလည်း မစ္စတာ Johnson က ပြောပါတယ်။
သန်းပေါင်းများစွာသော ပြည်သူတွေဟာ လာမယ့် ၃ လ အတွင်းမှာ ကာကွယ်ဆေးထိုးခွင့်ရလိမ့်မယ်လို့ ဗြိတိန်အစိုးရအနေနဲ့ မျှော်လင့်ထားကြောင်းလည်း မစ္စတာ Johnson က ပြောပါတယ်။