ဂျပန်ဝန်ကြီးချုပ်ဟောင်း Abe ရဲ့အမှုကို ဥပဒေကြောင်းအရ ပြန်သုံးသပ်ရေး ပြည်သူ့ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့လျှောက်ထား

ဂျပန်ဝန်ကြီးချုပ်ဟောင်း Abe Shinzo ကို နိုင်ငံရေးရန်ပုံငွေထိန်းချုပ်ရေးဥပဒေချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ တရားစွဲဆိုမှုမပြုဖို့ စုံစမ်းစစ်ဆေးရေးမှူးတွေက ဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး ဥပဒေကြောင်းအရ ဖွဲ့ထားတဲ့ အဖွဲ့အနေနဲ့ ပြန်သုံးသပ်ဖို့ ပြည်သူ့ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့က လျှောက်ထားလိုက်ပါတယ်။

တနင်္လာနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီအဖွဲ့က စုံစမ်းစစ်ဆေးရေးအရာရှိတွေရဲ့ ဆုံးဖြတ်ချက်ဟာ အချက်အလက်တွေအရ အကြီးအကျယ်အမှားအယွင်းတွေရှိပြီး မျှတမှုမရှိဘူးလို့ ဆိုပါတယ်။
တိုကျိုစုံစမ်းစစ်ဆေးရေးအရာရှိတွေက မစ္စတာ Abe ရဲ့ အတွင်းရေးမှူးတစ်ယောက်ကို ဒီဇင်ဘာလမှာ အကျဉ်းရုံးစွဲချက်တင်ခဲ့ပါတယ်။ အဲဒီအတွင်းရေးမှူးဟာ မစ္စတာ Abe ကို ထောက်ခံအားပေးသူတွေအတွက် ကျင်းပတဲ့ ပါတီပွဲတွေရဲ့ ဝင်ငွေနဲ့ အသုံးစရိတ်စာရင်းတွေမှာ ဒေါ်လာ ၂၉၀,၀၀၀ လောက်ကို ဖော်ပြဖို့ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ နိုင်ငံရေးရန်ပုံငွေထဲမှာ အဲဒီလိုဖော်ပြဖို့ ပျက်ကွက်မှုဟာ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ဖြစ်ခဲ့ပါတယ်။ အဲဒီအတွင်းရေးမှူးကို ဒေါ်လာ ၉၇၀၀ ကို ဒဏ်ငွေအဖြစ်ပေးဆောင်စေဆိုပြီး အမိန့်ထုတ်ခဲ့ပါတယ်။
မစ္စတာ Abe ဟာ သူ့အတွင်းရေးမှူးရဲ့ မမှန်မကန်အစီရင်ခံခဲ့တာကို သတိပြုမိတယ်ဆိုတဲ့သက်သေ မရှိဘူးဆိုတဲ့အချက်နဲ့ အတွင်းရေးမှူးနဲ့ပူးပေါင်းကြံစည်တယ် ဆိုတာနဲ့ပတ်သက်ပြီး ခိုင်မာတဲ့အထောက်အထားမရှိဘူးဆိုတဲ့ အချက်တွေကိုထောက်ပြပြီး စုံစမ်းစစ်ဆေးရေးအရာရှိတွေက မစ္စတာ Abe ကို စွဲချက်မတင်ခဲ့ပါဘူး။
အဲဒီပြည်သူ့ကိုယ်စားလှယ်အဖွဲ့ဟာ မစ္စတာ Abe အပေါ် ရာဇဝတ်ကြောင်းအရ တရားစွဲဆိုဖို့ မူလက လျှောက်ထားခဲ့ကြတဲ့ အဖွဲ့အနည်းငယ်ထဲက အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။ အဲဒီအဖွဲ့ရဲ့ခေါင်းဆောင် Takeuchi Satoru က အတွင်းရေးမှူးတစ်ဦးတည်းပဲ တာဝန်ရှိတယ်လို့ ပြည်သူတွေက မယုံကြည်ဘူးလို့ ဆိုပါတယ်။
အဲဒီဥပဒေကြောင်းအရအဖွဲ့ဟာ ပြည်သူပြည်သားတွေထဲက ကျဘမ်းရွေးချယ်ဖွဲ့စည်းထားတာဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးရေးအရာရှိတွေရဲ့ ဆုံးဖြတ်ချက်ဟာ လျော်ကန်မှုရှိရဲ့လားဆိုတာကို အဲဒီအဖွဲ့က ဆုံးဖြတ်မှာဖြစ်ပါတယ်။