၂၀၂၀ ခုနှစ်အတွင်း ဂျပန်တွင် အလုပ်အကိုင်ဆိုင်ရာ ထောက်ပံ့ကြေးလျှောက်ထားမှု ၂ သန်းကျော်

အလုပ်အကိုင်ရရှိမှုအပေါ် ကပ်ရောဂါရဲ့သက်ရောက်မှုကို ဖော်ပြနေတဲ့ ကိန်းဂဏန်းတွေကို ဂျပန်အစိုးရက ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၀ ခုနှစ်အတွင်းမှာ ဂျပန်အလုပ်သမားဝန်ကြီးဌာနက အတည်ပြုခဲ့တဲ့ အလုပ်အကိုင်ဆိုင်ရာထောက်ပံ့ကြေး လျှောက်ထားမှု ၂.၁ သန်းကျော်ရှိပါတယ်။
ကိုရိုနာဗိုင်းရပ်စ်က စီးပွားရေးကို ထိခိုက်ခဲ့တဲ့အတွက် ဖေဖော်ဝါရီလကနေ ဒီဇင်ဘာလနှောင်းပိုင်းအတွင်း အဲဒီလိုလျှောက်ထားခဲ့ကြတာဖြစ်ပါတယ်။ အလုပ်သမားဝန်ကြီးဌာနက အဲဒီထောက်ပံ့မှုတွေဟာ ယန်း ၂.၅ ထရီလီယံ အမေရိကန်ဒေါ်လာနဲ့ဆို ၂၄ ဘီလီယံကျော်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေ ယန်း ၃.၃ ထရီလီယံရှိထားပြီးဖြစ်တယ်လို့ အဲဒီဝန်ကြီးဌာနက ဆိုပါတယ်။ အဲဒီရန်ပုံငွေရဲ့ အဓိကဝင်ငွေအရင်းအမြစ်ဟာ ကုမ္ပဏီတွေကထည့်ဝင်တဲ့ အလုပ်အကိုင်အာမခံပရီမီယံကြေး တွေဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကပ်ရောဂါဟာ ဆက်ပြီးဖြစ်နေတဲ့အတွက် အစိုးရဟာ အဲဒီထောက်ပံ့ရေးစနစ်ကို ဆက်ပြီးကျင့်သုံးနိုင်ဖို့ ရန်ပုံငွေအလုံအလောက်ရရှိရေးဆိုတဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နေရပါတယ်။