တိုကျိုစတော့စျေးကွက်ရဲ့ ၂၀၂၁ ခုနှစ်အတွက် ပထမဦးဆုံးသော ရှယ်ယာအရောင်းအဝယ်နေ့မှာ Nikkei အညွှန်းကိန်းဟာ စျေးပိတ်ချိန်မှာ ကျဆင်းသွားခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားနေချိန်တွင်း အလေးထားဂရုစိုက်တဲ့အနေနဲ့ နှစ်သစ်အတွက် အရောင်းအဝယ်ဖွင့်တဲ့အခမ်းအနားကို အကျဉ်းရုံးကျင်းပခဲ့ပြီး လူ ၄၀ လောက်ပဲ တက်ရောက်ခဲ့ကြပါတယ်။
တနင်္လာနေ့စျေးဖွင့်ချိန်မှာ လက်ရွေးစင်ရှယ်ယာ ၂၂၅ မျိုးရဲ့ Nikkei အညွှန်းကိန်းဟာ မြင့်တက်ခဲ့ပေမဲ့လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် အရေးပေါ်အခြေအနေ ကြေညာဖို့ ဂျပန်အစိုးရက လေ့လာနေတယ်ဆိုတဲ့ သတင်းအစီရင်ခံချက်တွေကြောင့် တစ်ချိန်မှာ ၄၀၀ မှတ်ကျော် ကျသွားခဲ့ပါတယ်။
Nikkei ပျမ်းမျှအညွှန်းကိန်းဟာ တနင်္လာနေ့စျေးပိတ်ချိန်မှာ ၂၇၂၅၈ မှတ် ရှိခဲ့ပါတယ်။ ၃၁ နှစ်တာကာလအတွင်း အမြင့်ဆုံးဖြစ်ခဲ့တဲ့ ၂၀၂၀ ခုနှစ်ရဲ့ နောက်ဆုံးအရောင်းအဝယ်နေ့ မှာရှိခဲ့တာထက် ၀.၆၈ ရာခိုင်နှုန်းကျဆင်းသွားခဲ့တာပါ။
ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့ မတ်လတုန်းက Nikkei အညွှန်းကိန်းဟာ အကြီးအကျယ်ကျဆင်းသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း စီးပွားရေးအားဖြည့်မှုတွေ ငွေကြေးဖြေလျှော့မှုတွေနဲ့ ကာကွယ်ဆေးရရှိတော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေကြောင့် Nikkei အညွှန်းကိန်းဟာ ပြန်တက်လာနေခဲ့ပါတယ်။