တိုကျိုဧရိယာအတွက် အရေးပေါ်အခြေအနေ အစိုးရကြေညာ ဖွယ်ရှိ

တိုကျိုနဲ့ အနီးတဝိုက်က ခရိုင် ၃ ခုမှာ များပြားလာနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေးကြိုးပမ်းတဲ့အနေနဲ့ အဓိကကျတဲ့ခြေလှမ်းတစ်လှမ်းကို လှမ်းဖို့ ဂျပန်ဝန်ကြီးချုပ် Suga Yoshihide လေ့လာနေပြီဖြစ်ပါတယ်။

မစ္စတာ Suga က အဲဒီဧရိယာတွေမှာ အရေးပေါ်အခြေအနေကြေညာဖို့ အစိုးရဟာ စဉ်းစားနေတယ်လို့ ဆိုပါတယ်။
တနင်္လာနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် Suga က စားသောက်ဆိုင်တွေမှာ စားသောက်ရင်းနဲ့ ပြည်သူတွေကူးစက်ခံရတာမျိုးအတွက် စိုးရိမ်ရတာတွေကို လျှော့ချနိုင်ဖို့ အသေးစိတ်တွေကို အမြန်ဆုံးဖြတ်မယ်လို့ ပြောသွားပါတယ်။
ဂျပန်အစိုးရအရာရှိတွေက အဲဒီအရေးပေါ်ကြေညာချက်ဟာ အခုသီတင်းပတ်အတွင်းမှာ ဖြစ်နိုင်ဖွယ်ရာရှိတယ်လို့ ပြောပါတယ်။ အဲဒီအရေးယူဆောင်ရွက်ချက်ဟာ မြို့တော်တိုကျို မှာရော Kanagawa, Saitama နဲ့ Chiba ခရိုင်တွေပါ အကြုံးဝင်ပါလိမ့်မယ်။
အရေးပေါ်အခြေအနေက ခရိုင်အုပ်ချုပ်ရေးမှူးတွေကို ဗိုင်းရပ်စ်ထိန်းချုပ်ရေးကြိုးပမ်းချက်တွေမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ ဒေသခံတွေကို တရားဝင်တောင်းဆိုပိုင်ခွင့် အာဏာပေးထားပါတယ်။
အခုလောလောဆယ်မှာတော့ အဲဒီတောင်းဆိုချက်ကို လိုက်နာဖို့ ပျက်ကွက်ရင် ဒဏ်ရိုက်တာမျိုးမရှိပါဘူး။ ဒါပေမဲ့ ဝန်ကြီးချုပ် Suga က အစိုးရဟာ အခုလအတွင်းမှာ အဲဒါကို ပြောင်းလဲဖို့ ဥပဒေပြင်ဆင်မှုတစ်ခုကို အဆိုပြုဖွယ်ရာရှိတယ်လို့ ဆိုပါတယ်။
ဂျပန်အစိုးရဟာ တစ်လကျော်ကြာခဲ့တဲ့ အလားတူအရေးပေါ်အခြေအနေကို မနှစ်ကဧပြီလမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြေညာခဲ့ပါတယ်။