ဂျပန်မှာ အရွယ်ရောက်သူများနေ့ အခမ်းအနားကို ဗိုင်းရပ်စ်ပိုး စစ်ဆေးပြီး တက်ရောက်

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပွားနေတဲ့ အတောအတွင်း ဂျပန်နိုင်ငံ အနောက်ပိုင်းက မြို့တစ်မြို့မှာ အသက်၂၀ပြည့်ကြသူ အရွယ်ရောက် သူတွေအတွက် အရွယ်ရောက်သူများနေ့ အခမ်းအနားကို တမူထူးတဲ့ ပုံစံနဲ့ ကျင်းပခဲ့ပါတယ်။
အခမ်းအနားတက်ရောက်သူအားလုံး ပွဲမတက်ရောက်မီ ဗိုင်းရပ်စ်ပိုး စစ်ဆေးမှုခံယူဖို့ လိုအပ်ပါတယ်။ အဲဒီအခမ်းအနားကို Tottori ခရိုင်မှာရှိတဲ့ Wakasa မြို့မှာ တနင်္ဂနွေနေ့က ကျင်းပခဲ့ပြီး အရွယ်ရောက်သူ ၁၉ဦး တက်ရောက်ခဲ့ကြပါတယ်။
အဲဒီထဲက တချို့ဟာ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုတွေ ဖြစ်နေတဲ့ နေရာတွေကနေ ဒီမြို့ကိုပြန်လာကြသူတွေ ဖြစ်ပါတယ်။ အခမ်းအနားတက်ရောက်သူအားလုံးကို PCR စမ်းသပ်မှုတွေပြုလုပ်ဖို့ မြို့ကတောင်းဆိုခဲ့ပြီး ကုန်ကျစရိတ်တွေကို မြို့က ကျခံခဲ့ပါတယ်။
မြို့အုပ်ချုပ်ရေးမှူး Yabe Yasuki က အရွယ်ရောက်သူတွေကို ပြောကြားရာမှာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဂယက်ဟာ ကြီးမားနေပေမယ့် သူတို့တွေအနေနဲ့ ရည်မှန်းချက်ကြီးကြီးဆက်ထားပြီး အောင်မြင်တဲ့ အနာဂတ်ဆီ ဦးတည်တဲ့ ခြေလှမ်းတွေနဲ့ မှန်မှန် ကြိုးစားသွားကြဖို့ သူ လိုလားတယ်လို့ ပြောခဲ့ပါတယ်။
အခမ်းအနားတက်ရောက်ခဲ့တဲ့ အရွယ်ရောက်သူ အမျိုးသားတစ်ဦးက အားလုံးကိုယ်စားပြောကြားရာမှာ ကိုရိုနာဗိုင်းရပ်စ်ကို အရင်းခံတဲ့ အကျပ်အတည်းတွေအားလုံးကို သူတို့တွေ ရင်ဆိုင်နေရပေမယ့် ဒီအသက်အရွယ်ကို သမိုင်းမှတ်တိုင်တစ်ခုအဖြစ် သတ်မှတ်ပြီး အနာဂတ်အတွက် စိတ်ကူးတွေကို သူ အကောင်အထည်ဖော်သွားချင်တယ် လို့ ပြောခဲ့ပါတယ်။