အဓမ္မဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသူတွေအတွက် ဗျူဟာမြောက် လှုပ်ရှားမှုတွေ လိုကြောင်း မိသားစုဝင်တွေ ပြော

မြောက်ကိုရီးယားကို အဓမ္မဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့ ဂျပန်လူမျိုးတွေရဲ့ ဆွေမျိုးသားချင်းတွေဟာ နှစ်သစ်မှာ သူတို့ချစ်ရသူတွေ ပြန်လာနိုင်ဖို့အတွက် အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ဖြစ်ပေါ်လာဖို့ မျှော်လင့်နေကြပါတယ်။
သူတို့တွေ ပြန်လာနိုင်ဖို့အတွက် အစိုးရအနေနဲ့ တိကျပြီး ဗျူဟာမြောက်တဲ့ ကြိုးပမ်းအားထုတ်မှုတွေပြုလုပ်ဖို့ ဆွေမျိုးသားချင်းတွေက တောင်းဆို နေကြပါတယ်။
အဓမ္မဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသူတွေရဲ့ မိဘတွေဟာ အသက်အရွယ် အိုမင်းလာနေကြပြီဖြစ်ပြီး တစ်ဦးရဲ့ ဖခင်ဖြစ်သူ နဲ့ နောက်တစ်ဦးရဲ့ မိခင်ဖြစ်သူတို့ဟာ ပြီးခဲ့တဲ့နှစ်က ကွယ်လွန်ခဲ့ကြပါတယ်။ အသက်ရှင်ကျန်နေတဲ့ မိဘ၂ဦးသာ ရှိပါတော့တယ်။
အဓမ္မဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသူတွေအရေးဟာ စက်တင်ဘာလက ဝန်ကြီးချုပ်တာဝန်ယူခဲ့တဲ့ ဝန်ကြီးချုပ် Suga Yoshihide အစိုးရအဖွဲ့အတွက် ထိပ်တန်းဦးစားပေးဆောင်ရွက်ရမယ့် ကိစ္စအဖြစ်ရှိနေဆဲ ဖြစ်ပါတယ်။ အစိုးရအရာရှိတွေက ဒီအရေးကို ဖြေရှင်းဖို့ အခွင့်အရေးအားလုံးကို အသုံးချသွားမှာ ဖြစ်ပေမယ့် အခုအချိန်အထိ ဖြေရှင်းနိုင်တဲ့ နည်းလမ်းမတွေ့သေးဘူးလို့ ဆိုပါတယ်။
မြောက်ကိုရီးယား အာဏာရအလုပ်သမားပါတီက ၅နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီလအစောပိုင်းမှာ ပါတီညီလာခံ ကျင်းပဖို့ စီစဉ်ထားပါတယ်။ စီးပွားရေးအစီအစဉ်အသစ်တစ်ခုကိုလည်း အဲဒီညီလာခံမှာ ကြေညာသွားမယ်လို့ တွက်ဆရပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ နဲ့ ရေလွှမ်းမိုးမှုတွေကြောင့် ဆိုးဆိုးရွားရွားထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဓမ္မဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသူတွေရဲ့ မိသားစုဝင်တချို့က မြောက်ကိုရီးယားရဲ့ လက်ရှိအခြေအနေကို ဂျပန်အစိုးရအနေနဲ့ လေ့လာသုံးသပ်သင့်တယ်လို့ပြောခဲ့ပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un က စိတ်ဝင်စားလောက်တဲ့ အဆိုပြုချက်တချို့ကို ဂျပန်အစိုးရက ပေးပြီး ဆုံးဖြတ်ချက်တစ်ခုချခိုင်းဖို့ ချက်ချင်း လုပ်သင့်တယ်လို့ သူတို့က ဆိုပါတယ်။
မစ္စတာ Iizuka Shigeo ဟာ အဓမ္မဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသူ Taguchi Yaeko ရဲ့ အကိုဖြစ်ပါတယ်။ သူဟာ အသက် ၈၂နှစ်ရှိပြီဖြစ်ပြီး အဓမ္မဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသူတွေရဲ့ မိသားစုဝင်တွေ အဖွဲ့အစည်းကို ဦးဆောင်နေပါတယ်။
မစ္စတာ Iizuka က NHK ကို ပြောကြားရာမှ ဒီအခြေအနေကို မိသားစုဝင်တွေက အားမလိုအားမရဖြစ်နေပြီး ဒေါသထွက်နေကြပြီလို့ ဆိုပါတယ်။
ဝန်ကြီးချုပ် Suga အနေနဲ့ ရှေ့ဆက်ဆောင်ရွက်ဖို့အတွက် ခေါင်းဆောင်မှုကို ပြစေချင်ပြီး ဒါမှသာ ဒီအရေးကို ဖြေရှင်းဖို့ ရှင်းလင်းတဲ့ လမ်းပြမြေပုံ ရေးဆွဲနိုင်မယ်လို့ မစ္စတာ Iizuka က ပြောခဲ့ပါတယ်။