ပြင်သစ်မှာ ပါတီပွဲကျင်းပနေသူ ၂,၅၀၀ကို ရဲတပ်ဖွဲ့က လူစုခွဲ

ပြင်သစ်နိုင်ငံအနောက်ပိုင်းမှာရှိတဲ့ Lieuron မြို့ကအသုံးမပြုတော့တဲ့ ဂိုဒေါင်တစ်ခုမှာ တရားမဝင် ပါတီပွဲကျင်းပပြီး သောက်စားကခုန်နေကြသူ ၂,၅၀၀ ကို ပြင်သစ်ရဲတပ်ဖွဲ့က လူစုခွဲပြီး ဂိုဒေါင်ကို ပိတ်သိမ်းခဲ့ပါတယ်။

အဲဒီပါတီပွဲကို နှစ်သစ်ကူးအကြိုည က စတင်ခဲ့ပြီး စနေနေ့မနက်အထိ တောက်လျှောက် ကျင်းပခဲ့တယ်လို့ ဒေသခံမီဒီယာက သတင်းဖော်ပြ ခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်ကူးစက်ပြန့်ပွားတာကို တားဆီးဖို့အတွက် ပြင်သစ်မှာ အဲဒီလို လူစုလူဝေးပြုလုပ်တာကို တင်းတင်းကျပ်ကျပ် တားမြစ်ထားပြီး ည၈နာရီနောက်ပိုင်း အပြင်မထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။
ရဲတွေက အဲဒီပါတီပွဲကို ရပ်တန့်သွားအောင် လုပ်ဆောင်နေစဉ်အတွင်း ပါတီတက်နေသူ တချို့က ရဲတွေကို ခဲတွေနဲ့ ပစ်ပေါက်ခဲ့ပြီး ရဲတွေရဲ့ မော်တော်ယာဥ်တွေ ပျက်စီးသွားခဲ့ပါတယ်။ ရဲအရာရှိတချို့ ဒဏ်ရာရခဲ့တယ်လို့ သတင်းရရှိခဲ့ပါတယ်။
ညမထွက်ရအမိန့်ကို လိုက်နာခြင်းမရှိ၊ နှာခေါင်းစည်း (mask) တပ်ထားခြင်းမရှိတဲ့ အတွက် ပါတီတက် သူ ၁,၆၀၀လောက်ကို ရဲတွေက စစ်ဆေးမေးမြန်းခဲ့ပါတယ်။ ပွဲစီစဥ်သူတွေကို ရဲက ထိန်းသိမ်းထားပါတယ်။
ဒေသခံကျန်းမာရေးအရာရှိတွေက ဒီကိစ္စဟာ ရောဂါပိုး ကူးစက်ပြန့်ပွားနိုင်တဲ့ အန္တရာယ် အရမ်းများတယ်လို့ ကြေညာချက် ထဲမှာ ဖော်ပြခဲ့ပြီး အဲဒီပါတီပွဲကို သွားခဲ့တဲ့သူ ဘယ်သူမဆို ကိုယ့်အစီအစဉ်နဲ့ကိုယ် ၇ရက် သီးခြားခွဲနေထိုင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။