ဂျပန့် စီးပွားရေးပြန်နာလန်ထူလာဖို့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်

ကိုရိုနာကပ်ဘေးကြောင့် ထိခိုက်ခဲ့ရတဲ့ ဂျပန့်စီးပွားရေးဟာ အခုနှစ်မှာ ပြန်လည်နာလန်ထူလာမယ့် လမ်းကြောင်းပေါ်ရောက်လာမယ်လို့ သုတေသီတွေက ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ နောက်နှစ်ရဲ့ ပထမ ၆လ ကာလထဲမှာ ကပ်ဘေးမကျ‌ခင်က စီးပွားရေးအခြေအနေကို ပြန်ရောက်မယ် လို့ဆိုတဲ့ အစိုးရရဲ့ ခန့်မှန်းချက်ဟာ ဖြစ်လာနိုင်ချေ မရှိဘူးလို့ သူတို့က ဆက်ပြီး ပြောလိုက်ပါတယ်။

ပုဂ္ဂလိကကဏ္ဍက စီးပွားရေးပညာရှင် ၃၅ဦးရဲ့ ခန့်မှန်းချက်တွေကိုအခြေခံပြီး Japan Center for Economic Research က ပြုစုထားချက်အရ၊ မတ်လမှာ ကုန်ဆုံးမယ့် လက်ရှိဘဏ္ဍာရေးနှစ်မှာ ပကတိ တန်ဖိုးအရ ၅.၃၇ ရာခိုင်နှုန်း ဂျပန်စီးပွားရေးကျုံ့မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ ၂၀၂၁ ဘဏ္ဍာရေးနှစ် မှာတော့ ၃.၄၂ ရာခိုင်နှုန်းတိုးတက်မှုရှိမယ်လို့ ဆိုပါတယ်။
စီးပွားရေးဆိုင်ရာကန့်သတ်မှုတွေ တဖြည်းဖြည်း လျှော့ချလာတဲ့အတွက် လူတစ်ဦးချင်း သုံးစွဲမှုပမာဏဟာ တိုးတက်လာမယ်လို့ ဆိုထားပါတယ်။ လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းတွေ တရုတ်နိုင်ငံဆီတင်ပို့မှုနဲ့ အမေရိကန်ကို မော်တော်ကားတင်ပို့မှုတွေအပါအဝင်၊ ပြည်ပ ပို့ကုန်ပမာဏဟာလည်း တိုးတက်လာမှာဖြစ်ပါတယ်။ လာမည့် ဘဏ္ဍာရေးနှစ်အတွက် စီးပွားရေး တိုးတက်မှုနှုန်း ခန့်မှန်းချက်ဟာ၊ နှိုင်းယှဉ်ဖို့ ဒေတာတွေစတင်မှတ်တမ်းတင် ခဲ့တဲ့ ၁၉၉၅ခုနှစ် နောက်ပိုင်း အမြင့်ဆုံးဖြစ်လာဖို့ရှိပါတယ်။ ဒါပေမဲ့ အဲဒီနှုန်းထားဟာ အစိုးရက ခန့်မှန်းထားတဲ့ ၄ ရာခိုင်နှုန်းဝန်းကျင်ကိုတော့ ရောက်နိုင်ဖွယ်မရှိပါဘူးလို့ သိရပါတယ်။