တိုကျိုနဲ့ ပတ်ဝန်းကျင်၃ခရိုင်၊အရေးပေါ်အခြေအနေကြေညာပေးဖို့တောင်းဆို

ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ ရုတ်တရက်မြင့်တက်လာနေတာကို အရေးတကြီး တုံ့ပြန်ဆောင်ရွက်ဖို့ မြို့တော်တိုကျိုနဲ့ အနီးပတ်ဝန်းကျင် ၃ခရိုင်က အုပ်ချုပ်ရေးမှူးတွေက တောင်းဆိုလိုက်ပါတယ်။

မိမိတို့ဒေသတွေမှာ အ‌ရေးပေါ်အခြေအနေ ထပ်မံကြေညာပေးဖို့ ဗဟိုအစိုးရကို အဆိုပါ‌ဒေသန္တရအုပ်ချုပ်ရေးမှူးတွေက မေတ္တာရပ်ခံတောင်းဆိုလိုက်တာဖြစ်ပါ တယ်။
တိုကျိုမြို့တော်အုပ်ချုပ်ရေးမှူး Koike Yuriko ဟာ ကိုရိုနာ ဗိုင်းရပ်စ် တုံ့ပြန် ကိုင်တွယ်ရေးတာဝန်ခံဝန်ကြီး Nishimura Yasutoshi နဲ့တွေ့ဆုံဆွေးနွေးခဲ့ပါ တယ်။ Saitama ခရိုင်အုပ်ချုပ်ရေးမှူး၊ Chiba ခရိုင် အုပ်ချုပ်ရေးမှူးနဲ့ Kanagawa ခရိုင်အုပ်ချုပ်ရေးမှူးတို့လည်း အတူပါဝင်ဆွေးနွေးခဲ့ကြပါတယ်။
ဗဟိုအစိုးရကို အရေးပေါ်အခြေအနေကြေညာချက်ထုတ်ပြန်ပေးဖို့ကိစ္စ မေတ္တာရပ်ခံ တောင်းဆိုခဲ့တယ်လို့ Ms. Koike က ပြောပါတယ်။ ကိုဗစ်-၁၉ ကူးစက်လူနာအရေအတွက်တိုးလာတဲ့အတွက် ဆေးကုသစောင့်ရှောက်မှု စနစ်ရဲ့ လက်ရှိအခြေအနေတွေကို ထောက်ရှုပြီး သွားလာလှုပ်ရှားမှုတွေကို အမြန်ဆုံးထိန်းချုပ်ကန့်သတ်ဖို့လိုတာကြောင့် တောင်းဆိုတာ ဖြစ်တယ်လို့ သူကပြောပါတယ်။
ဝန်ကြီး Nishimura ကတော့ မြို့တော်နဲ့အနီးပတ်ဝန်းကျင်ဧရိယာတွေရဲ့ ကူးစက်မှုအခြေအနေ ဆိုးရွားနေတာကြောင့် တိုကျိုနဲ့ တခြားခရိုင်၃ခုက အုပ်ချုပ်ရေးမှူးတွေနဲ့ ဆွေးနွေးခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ ဗဟိုအစိုးရအနေနဲ့ အခြေအနေကို အလေးအနက်ထား ကိုင်တွယ်ဆောင်ရွက် သွားသင့်ကြောင်းနဲ့ အခုချိန်မှာ အရေးပေါ်ကြေညာချက်ထုတ်ဖို့ လို မလို စဉ်းစားရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
စားသောက်ဆိုင်တွေကို ည ၈နာရီအချိန် အထိသာ ဖွင့်ပြီး၊ အရက်နဲ့ ယမကာ ရောင်းချဝန်ဆောင်မှုကို ည ၇နာရီ အထိသာလုပ်ဖို့ ဒေသန္တရအုပ်ချုပ်ရေးမှူး တွေက မေတ္တာရပ်ခံသွားဖို့လိုအပ်ကြောင်း ဝန်ကြီးက တိုက်တွန်းခဲ့‌ပါတယ်။ ပြည်သူတွေအနေနဲ့ မဖြစ်မနေသွားလာဖို့လိုအပ်တာကလွဲပြီး ည၈နာရီ နောက်ပိုင်း အပြင်မထွက်ဖို့ကိုလည်း သူက တိုက်တွန်းလိုက်ပါတယ်။
စနေနေ့က တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအသစ် ၈၀၀ ကျော်တွေ့ရှိ ခဲ့‌ကြောင်း မြို့တော်အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုကြေညာထားပါတယ်။ ကြာသပတေး‌နေ့ကဆိုရင် တစ်နေ့တာကူးစက်ခံရသူအရေအတွက် ၁၃၃၇ဦး ရှိခဲ့ပြီး စံချိန်တင်အများဆုံးဖြစ်ပါတယ်။