အိုလံပစ်အတွက် အားကစားသမားတွေ ရွေးချယ်ရေးလုပ်ငန်းစဉ် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရ

ယခုနှစ်နွေရာသီမှာ ကျင်းပမယ့် တိုကျိုအိုလံပစ်နဲ့ ပါရာလင်းပစ် အားကစားပွဲအတွက် ခြေစစ်ပွဲတော်တော်များများကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် ရွှေ့ဆိုင်းတာ၊ ဖျက်သိမ်းတာတွေ ပြုလုပ်ခဲ့ရတဲ့အတွက် ဂျပန်နိုင်ငံကိုယ်စားပြု လက်ရွေးစင် အားကစားသမားရွေးချယ်မှုကို အနှောင့်အယှက်ဖြစ်နေစေပါတယ်။

အားကစားပြိုင်ပွဲတွေကို ၇ လအတွင်း စတင်ဖို့ စီစဉ်ထားပြီးဖြစ်ပေမယ့် ဂျပန်နိုင်ငံအနေနဲ့ အားကစားသမား ၂၀ ရာခိုင်နှုန်းသာ ရွေးချယ်ပြီးတာဖြစ်ပါတယ်။ NHK ရဲ့စစ်တမ်းများအရ အားကစားပြိုင်ပွဲပေါင်း ၃၃မျိုး ထဲက ၁၃မျိုး အတွက် ဂျပန့်အားကစားသမား ၁၁၇ ယောက်ကို ရွေးချယ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
ဂျပန်ရဲ့ အိုလံပစ်ကစားသမား စုစုပေါင်းအရေအတွက်မှာ ၆၀၀ ခန့်ထိ ဖြစ်လာမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။
ရေကူးနဲ့ ပြေးခုန်ပစ်အားကစားနည်းတွေလို ပြည်တွင်းပြိုင်ပွဲတွေက နိုင်ငံကိုယ်စားပြု ရွေးချယ်ခြင်းလုပ်ငန်းစဉ်အတွက် အဓိကကျတဲ့ အားကစားနည်းတွေမှာ ကျန်ရှိနေသေးတဲ့ ပြည်လုံးကျွတ် ချန်ပီယံပွဲနဲ့ တခြားအရေးပါတဲ့ပြိုင်ပွဲတွေကိုလည်း မူလအစီအစဥ်အတိုင်း အကော်အထည်ဖော်ကျင်းပနိုင်ဖို့ အရေးကြီးနေပါတယ်။
အားကစားအဖွဲ့အစည်းတွေက တာ၀န်ရှိသူတွေကတော့ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု ဆက်လက်ဖြစ်ပွားနေတာကြောင့် သူတို့ရဲ့ ပြိုင်ပွဲတွေကို စီစဉ်ထားတဲ့အတိုင်း ကျင်းပနိုင်ခြင်းရှိမရှိ မသေချာဘူးလို့ ပြောကြားခဲ့ကြပါတယ်။