Hokuriku နဲ့ Tohoku ဒေသတွေမှာ နှင်းအကြီးအကျယ် ဆက်ကျ

ဂျပန်ပင်လယ်ကမ်းခြေက တချို့နေရာတွေမှာ ပိုမိုပြီး နှင်းထူထပ်စွာကျနိုင်တာအတွက် ပိုပြီး သတိထားကြရန် ဂျပန့်မိုးလေဝသအေဂျင်စီက အရာရှိတွေက သတိပေးနေပါတယ်။

Niigata ခရိုင်က တောင်ထူထပ်တဲ့ တချို့နေရာတွေ၊ Hokuriku ဒေသ၊ Tohoku ဒေသက ဂျပန်ပင်လယ်ကမ်းခြေဘက်တွေမှာ ပြီးခဲ့တဲ့ပုံမှန်နှစ်တွေကထက် ၂ ဆကျော် နှင်းအကြီးအကျယ်ကျခဲ့ပါတယ်။ အလွန်အေးတဲ့လေထုကြီးနဲ့ အင်အားကြီးမားတဲ့ ဆောင်းရာသီလေဖိအားရပ်ဝန်းတစ်ခုတို့ ပေါင်းစပ်မှုကြောင့် ကြိုးကြားကြိုးကြား နှင်းအကြီးအကျယ်ကျတာ ကိုဖြစ်ပေါ်စေတာပါ။
ဆောင်းရာသီရဲ့ ပုံစံက အားပျော့လာရင်တောင်မှ Niigata ခရိုင် နဲ့ Hokuriku ဒေသတွေမှာ တနင်္ဂနွေနေ့အထိ နှင်းဆက်ကျဖို့ မှန်းဆထားပါတယ်။ မြေပြန့်အရပ်တွေမှာလည်း နှင်းကျမယ်လို့ တွက်ဆထားပါတယ်။
တနင်္ဂနွေနေ့မနက်ပိုင်းအထိ ၂၄ နာရီအတွင်း Niigata က တောင်တွေတစ်လျှောက်မှာ ၇၀ စင်တီမီတာအထိ နှင်းကျဖွယ်ရာရှိပြီး၊ Hokuriku ဒေသ နဲ့ Tohoku ဒေသရဲ့ ဂျပန်ပင်လယ်ကမ်းခြေဘက်မှာ ၄၀ စင်တီမီတာအထိ နှင်းကျဖွယ်ရာရှိတယ်လို့ မိုးလေဝသအရာရှိတွေက ခန့်မှန်းကြပါတယ်။ သယ်ယူပို့ဆောင်မှုလမ်းပြတ်တောက်သွားနိုင်‌ခြေ၊ အိမ်ခေါင်မိုးပေါ်က နှင်းတွေပြုတ်ကျလာနိုင်ခြေ၊ နှင်းတောင်ပြိုတာတွေ နဲ့ လျှပ်စစ်ဓာတ်အားလိုင်းနဲ့ သစ်ပင်တွေပေါ်မှာ နှင်းတွေစုပုံမှုကြောင့် မီးပြတ်တာတွေ ဖြစ်နိုင်‌ခြေကို သတိထားကြဖို့ မိုးလေဝသအေဂျင်စီက ပြည်သူတွေကို သတိပေးနေပါတယ်။