ဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးထိုးပေးဖို့ ပြင်ဆင်မှုတွေကို တိုးလုပ်နေ

ဂျပန်နိုင်ငံအစိုးရက စောနိုင်သမျှအစောဆုံး ဖေဖော်ဝါရီလနှောင်းပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေး စထိုးပေးနိုင်ဖို့ ပြင်ဆင်မှုတွေကို တိုးလုပ်နေပါတယ်။

ဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးကို စိစစ် ခွင့်ပြုချက်ရဖို့ မြန်မြန်ဆန်ဆန် အကဲဖြတ်ဆုံးဖြတ်ရန် ဂျပန်အစိုးရက ထိပ်တန်းဦစားပေး ဆောင်ရွက်နေပါတယ်။
စီးပွားရေးကို ဆက်လက် လည်ပတ်စေရင်း ကပ်ရောဂါကို ထိန်းချုပ်နိုင်ဖို့အတွက် ကာကွယ်ဆေးထိုးခြင်းက အလွန်အရေးကြီးတဲ့ ဆောင်ရွက်ချက်လို့ အစိုးရက သဘောထားပါတယ်။
စုစုပေါင်း ကာကွယ်ဆေး ထိုးဆေး သန်း ၂၉၀ လောက်အတွက် အမေရိကန် နဲ့ ဥရောပနိုင်ငံတွေက ဆေးထုတ်လုပ်ရေးကုမ္ပဏီတွေနဲ့ ဂျပန်နိုင်ငံက စာချုပ် ချုပ်ဆိုထားပြီးဖြစ်ပါတယ်။
အဲဒီကုမ္ပဏီတွေထဲက အမေရိကန်ဆေးဝါး ကုမ္ပဏီ Pfizer က သူ့ရဲ့ မိတ်ဖက်ကုမ္ပဏီဖြစ်တဲ့ ဂျာမဏီက BioNTech ကုမ္ပဏီ နဲ့ ပူးတွဲ တီထွင်ထုတ်လုပ်ခဲ့တဲ့ ကာကွယ်ဆေးကို ဂျပန်မှာ ခွင့်ပြုချက်ရဖို့ ဒီဇင်ဘာလက လျှောက်ထားခဲ့ပါတယ်။
ဒီကာကွယ်ဆေးကို မြန်မြန်ဆန်ဆန် စစ်ဆေးဖို့ကို ထိပ်တန်း ဦးစားပေးမယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာဝန်ထမ်းတွေကို ပထမဦးဆုံး ကာကွယ်ဆေးထိုးပေးဖို့ ဂျပန်အစိုးရက စီစဥ်နေပါတယ်။ ဒါဟာ အစောဆုံး ဖေဖော်ဝါရီလနှောင်းပိုင်းမှာဖြစ်မှာ ဖြစ်ပါတယ်။
မတ်လနှောင်းပိုင်းလောက်မှာ အသက်အရွယ်ကြီးတဲ့သူတွေကို စတင်ထိုးပေးနိုင်ခြေရှိပြီး၊ အဲဒီနောက်မှာ အခြားရောဂါရှိသူတွေကို ထိုးပေးနိုင်မှာ ဖြစ်ပါတယ်။
ခွင့်ပြုချက်ရလျှင်ရချင်း ကာကွယ်ဆေး စထိုးပေးနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားဖို့ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေကို တာဝန်ရှိသူအရာရှိတွေက တောင်းဆိုထားပါတယ်။