အရေးပေါ်အခြေအနေ ကြေညာရေးစဉ်းစားပေးဖို့ တိုကျိုမြို့တော် နဲ့ အိမ်နီးချင်းခရိုင် ၃ ခုက အုပ်ချုပ်ရေးမှူးများ ဗဟိုအစိုးရကို တောင်းဆို

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တဟုန်ထိုးများလာတာနဲ့ ကြုံတွေ့နေရတာကြောင့် အရေးပေါ်အခြေအနေ ကြေညာပေးရေးစဉ်းစားပေးဖို့ ဂျပန် ဗဟိုအစိုးရကို တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့နဲ့ အိမ်နီးချင်းခရိုင် ၃ ခုက အုပ်ချုပ်ရေးအဖွဲ့တွေက စနေနေ့ မွန်းလွဲပိုင်းက
တောင်းဆိုခဲ့ပါတယ်။

ရောဂါကူးစက်မှု လျင်လျင်မြန်မြန် ပျံ့နှံ့နေတဲ့ Saitama ခရိုင်၊ Chiba ခရိုင်၊ Kanagawa ခရိုင်တွေ နဲ့ အတူ တိုကျိုမြို့တော်က တောင်းဆိုမှု တင်ပြခဲ့ပါတယ်။
ကြာသပတေးနေ့က တိုကျိုမှာ တစ်နေ့တာ ကူးစက်ခံရသူ အသစ် အရေအတွက် အများဆုံးစံချိန် ၁၃၃၇ ဦး ဖြစ်ခဲ့ပြီး ပထမဦးဆုံးအကြိမ်အဖြစ် ၁၀၀၀ ကျော်ခဲ့တာဖြစ်ပါတယ်။
တိုကျိုမြို့တော်အုပ်ချုပ်ရေးမှူး Koike Yuriko နဲ့ အိမ်နီးချင်းခရိုင် ၃ ခုက အုပ်ချုပ်ရေးမှူးတွေဟာ အရေးပေါ်အခြေအနေ ကြေညာရေး စဉ်းစားပေးဖို့နဲ့ ပတ်သက်ပြီး၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ တုံ့ပြန်ရေးဆိုင်ရာတာဝန်ခံ စီးပွားရေး ပြန်လည်အားကောင်းလာစေရေး ဝန်ကြီး Nishimura Yasutoshi နဲ့ တွေ့ဆုံခဲ့ပါတယ်။
ရောဂါကူးစက်မှုနှုန်းက ပေါက်ကွဲလုနီးနီးလို့ တွက်ဆပြီး အရေးတကြီးကိစ္စဖြစ်လာပြီလို့ တိုကျိုမြို့တော်အုပ်ချုပ်ရေးအရာရှိတွေက ခံစားမိကြောင်း သတင်းရပ်ကွက်တွေက ဆိုပါတယ်။ အရာရှိတွေက အဆင့်တွေကို ချက်ချင်း တင်းတင်းကျပ်ကျပ်လုပ်ရမယ်လို့ ယုံကြည်နေကြပါတယ်။