ဂျပန်မှာ နှစ်သစ်ကူး နှုတ်ခွန်းဆက် ပို့စကတ် ပို့ဆောင်မှု စတင်

ဂျပန်တစ်လွှားမှာ နှစ်သစ်ကူး နှုတ်ခွန်းဆက် ပို့စကတ်တွေကို စာပို့ဝန်ထမ်းတွေက အိမ်တွေကို ပို့ဆောင်မှု စတင်ခဲ့ကြပါတယ်။

တိုကျိုမြို့လယ်က စာတိုက်တစ်ခုမှာ သောကြာနေ့ မနက်က ပို့ဆောင်မှုစတင်တဲ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့ပါတယ်။
Japan Post Holdings ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ Masuda Hiroya က ဒီကတ်ပြားတစ်ခုချင်းမှာ အနက်အဓိပ္ပာယ်အပြည့် ရှိနေပြီး စာပို့ဝန်ထမ်းတွေက ဒါတွေကို သေသေချာချာ ပို့ပေးမယ်လို့ သူမျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။
အဲဒီ အခမ်းအနားမှာ ဆက်သွယ်ရေး ဝန်ကြီး Takeda Ryota က စာပို့လုပ်ငန်းရဲ့ အနေအထားတွေဟာ e-mail နဲ့ လူမှုကွန်ရက်မီဒီယာတွေ ခေတ်စားလာတာနဲ့အတူ အကြီးအကျယ် ပြောင်းလဲခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ လက်ရာမြောက်စွာ ဖန်တီးထားတဲ့ နှုတ်ခွန်းဆက် ပို့စကတ် တစ်စောင်မှာ အဲဒီလို မီဒီယာတွေကနေ မရနိုင်တဲ့ အရာတွေ ပါရှိနေတယ်လို့ သူက ဆိုပါတယ်။
အခမ်းအနားအပြီးမှာ ဝန်ထမ်းတွေက သက်ဆိုင်ရာ ဧရိယာအသီးသီးကို ပို့ဆောင်ဖို့ ထွက်ခွာသွားခဲ့ကြပါတယ်။
သောကြာနေ့မှာ နှစ်သစ်ကူး နှုတ်ခွန်းဆက် ပို့စကတ်ပေါင်း ၁.၁၅ ဘီလီယံကျော် ပို့ဆောင်ပေးမယ်လို့ ခန့်မှန်းရပါတယ်။ ဒါဟာ မနှစ်က အရေအတွက်ထက် ၁၀ ရာခိုင်နှုန်းလောက် နည်းနေပြီး ၁၂ နှစ် ဆက်တိုက် အရေအတွက် ကျဆင်းလာနေတာ ဖြစ်ပါတယ်။