ကပ်ရောဂါဖြစ်နေတဲ့ကြား ဂျပန်မှာ နှစ်သစ်ကူးလှုပ်ရှားမှုတွေ စတင်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု တားဆီးရေး လုပ်ငန်းစဉ်တွေကို တိုးမြှင့်ဆောင်ရွက်နေတဲ့ကြားမှာပဲ ဂျပန်နိုင်ငံ တစ်လွှားမှာ နှစ်သစ်ကို ကြိုဆိုခဲ့ကြပါတယ်။

ဂျပန် မြောက်ပိုင်း ဟော့ကိုင်းဒိုးခရိုင်က Nosappu အငူမှာ နှစ်သစ်ရဲ့ ပထမဦးဆုံး နေထွက်တာကို ကြည့်ဖို့ လူအများအပြား စုဝေးခဲ့ကြပါတယ်။
အမျိုးသားတစ်ဦးက "ကမ္ဘာကြီးမှာ ဘာတွေပဲ ဖြစ်နေဖြစ်နေ ဒီနေမင်းကြီး ထွက်လာတာကတော့ နှစ်စဉ်နှစ်တိုင်း ပြောင်းလဲမှုမရှိပါဘူး" လို့ ပြောပါတယ်။
နှစ်သစ်ကူးတဲ့ညမှာ ညလုံးပေါက် နတ်ကွန်းတွေကို သွားပြီး ဝတ်ပြုဆုတောင်းတဲ့ ဂျပန့် ရိုးရာဓလေ့ကို ကပ်ရောဂါက အဟန့်အတားဖြစ်စေခဲ့ပါတယ်။
တိုကျိုက Meiji Jingu နတ်ကွန်းမှာ မနက် ၆ နာရီမှာမှ ဂိတ်တံခါးတွေကို ဖွင့်ခဲ့ပါတယ်။ နှာခေါင်းစည်းတွေတပ်ဆင်ထားကြတဲ့ ဝတ်ပြုသူတွေဟာ တစ်ဦးနဲ့တစ်ဦး တစ်မီတာခြား တန်းစီပြီး အလှူခံပုံကြီးတစ်ခုထဲကို အကြွေစေ့တွေကို ထည့်နေကြတာကို တွေ့ရပါတယ်။
အမျိုးသားတစ်ဦးက "ကျွန်တော်တို့ တစ်ဦးနဲ့တစ်ဦး ပြန်လည်တွေ့ဆုံနိုင်တဲ့ အချိန်တွေ ရောက်လာအောင် ကိုရိုနာဗိုင်းရပ်စ် အမြန်ဆုံး အဆုံးသတ်သွားပါစေလို့ ဆုတောင်းခဲ့ပါတယ်" လို့ ပြောပါတယ်။
ဒီနတ်ကွန်းမှာ လာရောက်ဝတ်ပြုသူတွေဟာ မြားပုံ အဆောင်တွေနဲ့ ကံကောင်းစေတဲ့ အဆောင်တွေကို ဝယ်ယူနိုင်ပေမဲ့ မဝယ်ခင်မှာ ကိုင်တွယ်ခွင့်တော့ မပြုပါဘူး။