ဟောင်ကောင်မှ မီဒီယာဆိုင်ရာနာမည်ကြီးပုဂ္ဂိုလ်ရဲ့ အာမခံ ပယ်ဖျက်ခံရ

ဟောင်ကောင်ရဲ့ ထိပ်တန်းတရားရုံးက မီဒီယာဘက်မှာ အင်အားကြီးသူလည်းဖြစ် ဒီမိုကရေစီရေးလှုပ်ရှားသူလည်းဖြစ်တဲ့ Jimmy Lai ရဲ့ အာမခံကို ပယ်ဖျက်လိုက်ပြီး ဆက်လက်ထိန်းသိမ်းထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

တရုတ်အစိုးရကို ဝေဖန်တဲ့ရပ်တည်ချက်နဲ့ ကျော်ကြားတဲ့ Apple Daily သတင်းစာကို ထူထောင်သူဖြစ်တဲ့ မစ္စတာ Lai ဟာ ဟောင်ကောင်အတွက်ပြဌာန်းထားတဲ့ နိုင်ငံ့လုံခြုံရေးဆိုင်ရာဥပဒေအရ နိုင်ငံခြားနဲ့လျှို့ဝှက်ပူးပေါင်းကြံစည်တယ်ဆိုတဲ့စွဲချက်နဲ့ တရားရင်ဆိုင်နေရပါတယ်။
မစ္စတာ Lai က လူမှုဆက်သွယ်ရေးမီဒီယာတွေ ၊ နိုင်ငံခြားမီဒီယာတွေနဲ့ အင်တာဗျူးတွေကိုသုံးပြီး ဟောင်ကောင်ဒီမိုကရေစီရေးကို ပံ့ပိုးကူညီဖို့ နိုင်ငံတကာအသိုက်အဝန်းကို တောင်းဆိုနေခဲ့ပါတယ်။
ဟောင်ကောင်အထက်တရားရုံးဟာ သူ့ကို နေအိမ်ကနေ အပြင်မထွက်ရဘူး၊ လူမှုမီဒီယာတွေမှာ သတင်းစကားတွေကို မတင်ပါဘူးဆိုတာအပါအဝင် ခြွင်းချက်တွေနဲ့ ဒီဇင်ဘာ ၂၃ ရက်မှာ အာမခံပေးခဲ့ပါတယ်။ ဒါပေမဲ့ စုံစမ်းစစ်ဆေးရေးအရာရှိတွေက ဒါကို အယူခံဝင်ခဲ့ပါတယ်။
ကြာသပတေးနေ့မှာ အပြီးသတ်အယူခံရုံးကသူ့ကို အာမခံပေးမလား မပေးဘူးလားဆိုတာကို ဆုံးဖြတ်ချက်မချခင်အထိ မစ္စတာ Lai ရဲ့ အာမခံပေးထားတာကို ပယ်ဖျက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။