WHO က Pfizer ကုမ္ပဏီထုတ် ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုဖို့ အသိအမှတ်ပြု

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အမေရိကန်ဆေးဝါး ကုမ္ပဏီကြီး Pfizer နဲ့ ဂျာမန်ဆေးကုမ္ပဏီ BioNTech တို့ ပူးတွဲထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ကြာသပတေးနေ့က အရေးပေါ် အသုံးပြုမှု စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။

WHO က အရေးပေါ် အသုံးပြုဖို့အတွက် ပြုစုထားတဲ့ ဒီစာရင်းဟာ အရည်အသွေး စိစစ်ထိန်းသိမ်းရေး အတည်ပြုချက်ပေးနိုင်ဖို့ ကိုယ်ပိုင် စစ်ဆေးနိုင်တဲ့ စနစ်တွေ မရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ရည်ညွှန်းကိုးကားဖွယ်ရာ တစ်ခု ဖြစ်ပါတယ်။
ဒီကာကွယ်ဆေးဟာ WHO ရဲ့ စာရင်းထဲကို ပထမဆုံးအကြိမ် ထည့်သွင်းခဲ့တဲ့ COVID-19 ကာကွယ်ဆေးဖြစ်ပါတယ်။
WHO လက်ထောက်ညွှန်ကြားရေးမှူးချုပ် Mariangela Simao က WHO နဲ့ သူ့ရဲ့ မိတ်ဘက်တွေဟာ ဘေးကင်းစိတ်ချရမှုနဲ့ ထိရောက်မှု အရည်အသွေးတွေပြည့်မီတဲ့ တခြားကာကွယ်ဆေးတွေကို အကဲဖြတ်ဖို့ နေရောညပါ လုပ်ကိုင်နေကြတယ်လို့ ပြောခဲ့ပါတယ်။
သူက ကာကွယ်ဆေးတွေကို ကမ္ဘာတစ်ဝန်းက နိုင်ငံအားလုံးဆီ အလျင်အမြန် နဲ့ လုံလုံလောက်လောက်ပေးပို့နိုင်ဖို့ နဲ့ ကပ်ရောဂါကြီးကို အမြစ်ဖြတ်နှိမ်နင်းဖို့ အလွန်အရေးကြီးကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
Pfizer နဲ့ BioNTech ကုမ္ပဏီက ထုတ်လုပ်တဲ့ ကာကွယ်ဆေးကို အမေရိကန်၊ ဗြိတိန်နဲ့ တခြားနိုင်ငံတွေမှာ စတင်ထိုးပေးနေပြီ ဖြစ်ပါတယ်။