တိုကျိုအိုလံပစ် နဲ့ ပါရာလင်းပစ်ပွဲတွေအတွက် စိန်ခေါ်မှုများ

လာမယ့် ၇လအတွင်း စတင်ကျင်းပဖို့ စီစဉ်ထားတဲ့ ရက်ရွှေ့ဆိုင်းခဲ့ရတဲ့ တိုကျို အိုလံပစ် နဲ့ ပါရာလင်းပစ်ပွဲတွေကို ကျင်းပဖို့ စီစဉ်သူတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

၂၀၂၀မှာ တိုကျိုအိုလံပစ်ပွဲ ကျင်းပဖို့ကို ကပ်ရောဂါကြောင့် တစ်နှစ် ရွှေ့ဆိုင်းခဲ့ရပါတယ်။ အိုလံပစ်ပွဲကို ဇူလိုင်လ၂၃ရက်နေ့ နဲ့ ပါရာလင်းပစ်ပွဲကို သြဂုတ်လ ၂၄ရက်နေ့မှာ စတင် ကျင်းပသွားမှာ ဖြစ်ပါတယ်။
ပွဲကျင်းပရာနေရာတွေမှာ ပွဲကြည့်ပရိသတ် ဘယ်လောက်များများ ခွင့်ပြုသင့်သလဲဆိုတာကို လာမယ့်နွေဦးရာသီမှာ ဆုံးဖြတ်သွားဖို့ ပွဲစီစဉ်သူတွေက စီစဉ်ထားပါတယ်။
မတ်လကနေ မေလအတွင်းမှာ ဗိုင်းရပ်စ် ကူးစက်မှုကာကွယ်ရေးအစီအမံတွေချထားပြီး ရွှေ့ဆိုင်းခဲ့ရတဲ့ အစမ်းပွဲစဉ်တွေ ကျင်းပဖို့ရှိပါတယ်။
အားကစားပွဲတစ်ခုချင်းစီမှာ ပွဲဝင်ယှဉ်ပြိုင်ကြမယ့် အားကစားသမားတွေကို ဇွန်လကုန် နောက်ဆုံးထားပြီး ဆုံးဖြတ်သွားမယ်လို့ မျှော်လင့်ရပါတယ်။
ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ မျိုးဗီဇပြောင်း အမျိုးအစားအသစ်နဲ့အတူ ကမ္ဘာတစ်ဝန်း ဆက်လက် ကူးစက်ပြန့်ပွားနေပါတယ်။
အိုလံပစ် နဲ့ ပါရာလင်းပစ်ပွဲတွေမှာ ပါဝင်တဲ့ နိုင်ငံ နဲ့ ဒေသအားလုံးဟာ ဒီပွဲတွေအတွက် အားကစားသမားတွေ ရွေးချယ်ဖို့ ပြိုင်ပွဲတွေကျင်းပနိုင်ကြပါ့မလားဆိုတာ မရေမရာဖြစ်နေဆဲ ဖြစ်ပါတယ်။
ပွဲစီစဉ်သူတွေဟာ နိုင်ငံရပ်ခြားက ပရိသတ်တွေအပါအဝင် ပရိသတ်အရေအတွက်ကို ဘယ်လို ကန့်သတ်သွားမလဲဆိုတာကို ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။
NHK က ဒီဇင်ဘာလက ကောက်ယူခဲ့တဲ့ သဘောထားစစ်တမ်းတစ်ခုမှာ ဖြေဆိုသူ ၃၂ရာခိုင်နှုန်းက အဲဒီပွဲတွေကို ဖျက်သိမ်းသင့်တယ်လို့ ပြောခဲ့ပါတယ်။ ဒါဟာ ဒီပွဲတွေကို ကျင်းပဖို့ထောက်ခံတဲ့သူအရေအတွက်ထက် ၅ရာခိုင်နှုန်းမှတ် ပိုများပါတယ်။