တိုကျိုမှာ ဗိုင်းရပ်စ်ကူးစက်မှု ထိုးတက်လာတာကို တုံ့ပြန်ဖို့ ဆောင်ရွက်ချက်တွေ စဉ်းစားနေ

တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့ဟာ လတ်တလော မြို့တော် တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု လျင်မြန်နေတာကို တုံ့ပြန်ဖို့ ဆောင်ရွက်ချက်တွေ စဉ်းစားနေပါတယ်။ အဲဒီထဲမှာ အရေးပေါ်အခြေအနေ ကြေညာဖို့အတွက် ဗဟိုအစိုးရကို မေတ္တာရပ်ခံတာလည်း ပါဝင်နိုင်ဖွယ်ရှိပါတယ်။

ကြာသပတေးနေ့က တိုကျိုမှာ ကူးစက်ခံရသူအသစ် ၁,၃၃၇ ဦး စံချိန်တင် ရှိခဲ့ပြီး တစ်နေ့တာ ကူးစက်သူအသစ်အရေအတွက် ပထမဆုံးအကြိမ် ၁,၀၀၀ ကျော်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အမြင့်ဆုံးစံချိန်ထက် ၄၀၀နီးပါး ပိုများခဲ့တာဖြစ်ပါတယ်။
တိုကျိုမှာ အခုအခါ ဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အတည်ပြုထားသူ စုစုပေါင်း ၆၀,၀၀၀ ကျော်နေပြီ ဖြစ်ပါတယ်။
ဒီဇင်ဘာလ ၁၈ရက်နေ့က ၅၀,၀၀၀ ကျော်ခဲ့ပြီး ၂ပတ်တောင်မရှိတဲ့ အချိန်အတွင်းမှာ နောက်ထပ် ၁၀,၀၀၀ ကျော် ထပ်တက်လာခဲ့တာ ဖြစ်ပါတယ်။
ကြာသပတေးနေ့က ဆေးရုံတင်ထားရတဲ့ ကိုရိုနာဗိုင်းရပ်စ် လူနာအရေအတွက်လည်း စံချိန်တင်ခဲ့ပါတယ်။ ရောဂါလက္ခဏာပြင်းထန်တဲ့ လူနာအရေအတွက်လည်း မေလက နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေ ရုပ်သိမ်းပြီးနောက်ပိုင်း အများဆုံး ဖြစ်လာခဲ့ပါတယ်။
ကျွမ်းကျင်ပညာရှင်တွေက ကိန်းဂဏန်းတွေ ဒီလိုတက်လာတာကြောင့် ဆေးကုသရေးဌာနတွေအပေါ် နောက်ထပ် ဝန်ထုပ်ဝန်ပိုး ဖြစ်လာဖို့ရှိတယ်လို့ သတိပေးနေကြပါတယ်။