ဗြိတိန်လွှတ်တော်မှာ Brexit အလွန် ကုန်သွယ်ရေးဆိုင်ရာ ဥပဒေကို အတည်ပြု

Brexit အလွန်ကာလဆိုင်ရာ ကုန်သွယ်ရေး သဘောတူညီချက်တစ်ခု ဇန်နဝါရီလ ၁ ရက်မှာ စတင်အသက်ဝင်လာစေမယ့် ဥပဒေမူကြမ်းကို ဗြိတိန်လွှတ်တော် အမတ်တွေက အတည်ပြုလိုက်ပြီး ဗြိတိန်ဟာ EU နဲ့ ဆက်ဆံရေး အသစ်တစ်ခု စတင်ဖို့ ရှိနေတယ်။

EU ကနေ ဗြိတိန် တရားဝင် နုတ်ထွက်မယ့်နေ့ ရောက်ဖို့ တစ်ရက်ပဲလိုတဲ့ ဒီဇင်ဘာလ ၂၄ရက်နေ့မှာ EU နဲ့ ဗြိတိန်အကြား သဘောတူညီချက် ရရှိခဲ့ပါတယ်။ အဲဒီသဘောတူညီချက်ကို ဗုဒ္ဓဟူးနေ့က နှစ်ဘက် ခေါင်းဆောင်တွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဗြိတိန် ဝန်ကြီးချုပ် Boris Johnson က "Brexit ဟာ အဆုံးသတ်မဟုတ်ဘဲ စတင်မှုတစ်ခုဖြစ်တယ်” လို့ အထူးခေါ်ယူကျင်းပတဲ့ လွှတ်တော်အစည်းအဝေးတစ်ခုမှာ အောက်လွှတ်တော်အမတ်တွေကို ပြောခဲ့ပါတယ်။
သူက ဆက်ပြီးတော့ "ကျွန်တော်တို့ ပြန်လည်ရရှိထားတဲ့ အင်အားတွေကို အကောင်းဆုံး အသုံးချနိုင်ရေးအတွက် ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိတယ်" လို့ ပြောကြားခဲ့ပါတယ်။
အထက်လွှတ်တော် နဲ့ Elizabeth ဘုရင်မကြီးတို့က အတည်ပြုထားတဲ့ အဲဒီဥပဒေမူကြမ်း အသက်ဝင်လာဖို့အတွက် အတိုက်အခံ အလုပ်သမားပါတီက ထောက်ခံခဲ့ပါတယ်။
နှစ်သစ်ကူးကာလ အစောပိုင်းမှာ ဒီသဘောတူညီချက်နဲ့ ပတ်သက်ပြီး ဥရောပ ပါလီမန်မှာ ဆွေးနွေးမှုတွေမပြုလုပ်နိုင်ခင် ယာယီအားဖြင့် ဒီသဘောတူညီချက်အတိုင်း ဆက်လက်လုပ်ဆောင်ဖို့ EU က ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။
လွှတ်တော်ရဲ့ အတည်ပြုချက်အရ အပေးအယူမရှိတဲ့ Brexit သဘောတူညီချက်ကို နောက်ဆုံးမိနစ်မှာ ရှောင်လွှဲနိုင်ခဲ့ပေမယ့် နှစ်ဘက်အကြား ဆက်ဆံရေးအသစ်တစ်ခု ရှင်းရှင်းလင်းလင်း အကောင်အထည်ဖော်ဖို့အတွက် ရှေ့ဆက်ပြီး ရှုပ်ထွေးမှုတွေကတော့ ရှိနေနိုင်ပါတယ်။
ချက်ချင်းဖြစ်လာမယ့် ပြောင်းလဲမှုတစ်ခုကတော့ ဥရောပနဲ့ ဗြိတိန် အကြား ပြည်ဝင်ခွင့် ဗီဇာမလိုဘဲ သွားလာမှုတွေ အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။