တရုတ် နဲ့ EU အကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေခံသဘောတူညီချက် ရရှိ

တရုတ် နဲ့ EU အကြား စီးပွားရေး ရင်းနှီးမြှုပ်နှံဆိုင်ရာ သဘောတူညီချက်နဲ့ ပတ်သက်ပြီး ၇နှစ်ကြာ ဆွေးနွေးညှိနှိုင်းမှုတွေမှာ အခြေခံအားဖြင့် သဘောတူညီချက် ရရှိခဲ့ပါတယ်။
တရုတ် နဲ့ EU ခေါင်းဆောင်တွေဟာ ဗုဒ္ဓဟူးနေ့က အွန်လိုင်း အစည်းအဝေးပွဲ တစ်ခု ကျင်းပခဲ့ပြီး နှစ်ဘက်အကြား ရင်းနှီးမြှုပ်နှံမှု အရှိန်မြှင့် လုပ်ဆောင်ရေးကို ရည်ရွယ်တဲ့ သဘောတူညီချက်တစ်ခု ရရှိခဲ့ပါတယ်။
သူတို့ဆွေးနွေးမှုတွေရဲ့ အဓိကအချက်တစ်ချက်ကတော့ တရုတ်နိုင်ငံမှာ အလုပ်သမားတွေကို အကာအကွယ်ပေးရေး ဖြစ်ပါတယ်။ Xinjiang Uygur ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကသူတွေဟာ အတင်းအဓမ္မ အလုပ်စေခိုင်းခံနေရတယ်လို့ EU က ဆိုပါတယ်။ ဒီအခြေအနေကို ကောင်းမွန်လာအောင် ပြုလုပ်ဖို့ တရုတ်အစိုးရကို EU က တိုက်တွန်းပါတယ်။
နောက်ထပ် အကျေအလည်ဆွေးနွေးရတဲ့ အကြောင်းအရာတစ်ခုက EU က စီးပွားရေးလုပ်ငန်းတွေ တရုတ်မှာ စျေးကွက်ရရှိဖို့ အပေးအယူအနေနဲ့ နည်းပညာတွေကို အတင်းအကျပ် လွှဲပြောင်းခိုင်းနေတဲ့ တရုတ်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ပတ်သက်ပြီး ဖြစ်ပါတယ်။
တရုတ်အစိုးရဟာ အတင်းအဓမ္မ အလုပ်ခိုင်းစေမှုကို တားမြစ်တဲ့ နိုင်ငံတကာ သဘောတူစာချုပ် တစ်ရပ်မှာ လက်မှတ်ရေးထိုး ပါဝင်ဖို့နဲ့ အတင်းအကျပ် နည်းပညာလွှဲပြောင်းခိုင်းတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ဖို့ သဘောတူခဲ့တယ်လို့ EU က ဆိုပါတယ်။
ဒီသဘောတူညီချက်ဟာ တရုတ်နိုင်ငံက တခြားနိုင်ငံတစ်ခုနဲ့အကြားမှာ ရရှိခဲ့တဲ့ သဘောတူညီချက်တွေထဲမှာ ရည်မှန်းချက် အမြင့်ဆုံး တစ်ခု ဖြစ်တယ်လို့ EU က ပြောပါတယ်။ ဒါပေမဲ့ အလုပ်သမားတွေကို အကာအကွယ်ပေးရေးနဲ့ ပတ်သက်တဲ့ တရုတ်အစိုးရရဲ့ ကတိကဝတ်တွေဟာ မပြည့်စုံသေးဘူးလို့ EU အဖွဲ့ဝင် တချို့က ဆိုနေပါတယ်။