စင်္ကာပူမှာ COVID-19 ကာကွယ်ဆေးထိုးမှုတွေ စတင်

စင်္ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

အမေရိကန်ဆေးဝါးကုမ္ပဏီကြီး Pfizer နဲ့ ဂျာမနီနိုင်ငံ က BioNTech တို့က ထုတ်လုပ်ခဲ့တဲ့ ကာကွယ်ဆေးကို အသုံးပြုပြီး ကာကွယ်ဆေးထိုးမှုတွေကို ဗုဒ္ဓဟူးနေ့က စတင်ခဲ့ပါတယ်။
အမျိုးသားကျန်းမာရေးဌာနက ကျန်းမာရေးဝန်ထမ်း ၃၀ ဦး လောက်ကို ကာကွယ်ဆေးထိုးခဲ့တယ်လို့ စင်ကာပူ အစိုးရက ဆိုပါတယ်။
ကာကွယ်ဆေး ပထမဆုံး အထိုးခံခဲ့တဲ့ အသက် ၄၆ နှစ် အရွယ် သူနာပြုတစ်ဦးက ကာကွယ်ဆေးထိုးထားတာကြောင့် သူ့ကို ဗိုင်းရပ်စ် မကူးစက်အောင် ကာကွယ်ပေးမှာ ဖြစ်ပြီး သူ့ဆီကနေ ရောဂါပြန့်ပွား ကူးစက်မှာကို ပူပန်နေရတာတွေ လျော့နည်းစေတဲ့အတွက် စိတ်သက်သာရာ ရမိတယ်လို့ ဆိုပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေဟာ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ဒုတိယမြောက် ကာကွယ်ဆေးထိုးမှုကို ခံယူကြရမယ်လို့ သိရပါတယ်။
အသက် ၁၆ နှစ်အောက် နဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ကလွဲပြီး နိုင်ငံအတွင်းရှိ လူအားလုံးကို လာမယ့်နှစ် အကုန်မတိုင်မီ ကာကွယ်ဆေး အခမဲ့ ထိုးပေးဖို့ အစိုးရ က စီစဉ်နေပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေနဲ့ သက်ကြီးရွယ်အိုတွေကို ဦးစားပေးမှာ ဖြစ်ပါတယ်။