အတင်းကျပ်ဆုံး ကိုရိုနာဗိုင်းရပ်စ် ဆိုင်ရာ စည်းကမ်းတွေ ချမှတ်တဲ့ ဧရိယာ ဗြိတိန် တိုးချဲ့

မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် တစ်ရှိန်ထိုး ပျံ့နှံ့လာနေတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အတင်းကျပ်ဆုံး စည်းမျဉ်းစည်းကမ်းတွေ ချမှတ်တဲ့ဧရိယာကို ဗြိတိန်အာဏာပိုင်တွေက ပိုမို တိုးချဲ့နေပါတယ်။

အင်္ဂလန် လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ အဲဒီလိုကန့်သတ်ချက်တွေအောက်မှာ နေထိုင်ရမှာ ဖြစ်ပါတယ်။
မူရင်းပိုးထက် ပိုကူးစက်လွယ်တဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ ကူးစက်မှုတွေကို အဓိကအားဖြင့် မြို့တော် လန်ဒန် အပါအဝင် အင်္ဂလန် အရှေ့တောင်ပိုင်းမှာ တွေ့ရှိနေရပါတယ်။
မရှိမဖြစ် မဟုတ်တဲ့ ဆိုင်တွေကို ပိတ်ဖို့နဲ့ လူတွေကို အိမ်မှာပဲနေဖို့တောင်းဆိုမှုတွေ ပါဝင်တဲ့ အတင်းကျပ်ဆုံး ကန့်သတ်ချက်တွေကို အဲဒီဒေသ တွေမှာ ချမှတ်ထားပါတယ်။
အဲဒါတောင်မှ ဗြိတိန်မှာ အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့တွေမှာ နေ့စဉ် ရောဂါကူးစက်မှု အသစ် အရေအတွက် ၅၀၀၀၀ သောင်းကျော် တွေ့ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဗုဒ္ဓဟူးနေ့မှာ သေဆုံးသူ စုစုပေါင်း ၉၈၁ ဦး ရှိပြီး ဒါဟာ ဧပြီလ နောက်ပိုင်း အမြင့်ဆုံးဖြစ်ပါတယ်။
အဲဒီမျိုးဗီဇပြောင်းဗိုင်းရပ်စ်ဟာ လန်ဒန်မြို့နဲ့ ပတ်ဝန်းကျင်ဒေသမှာ လျင်မြန်စွာ ပျံ့နှံ့နေရုံ သာမက အခုအခါမှာ အင်္ဂလန် အလယ်ပိုင်းနဲ့ အနောက်မြောက်ပိုင်း ဒေသတွေမှာပါ ကူးစက်မှုတွေကို တွေ့နေရပါတယ်။
ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် Boris Johnson က အဲဒီ မျိုးဗီဇပြောင်းဗိုင်းရပ်စ်ရဲ့ အလွန်လျင်မြန်တဲ့ ပျံ့နှံ့မှုနှုန်းကို ထောက်ပြပြီးတော့ တင်းကျပ်တဲ့ ကန့်သတ်ချက်တွေအပေါ် ပြည်သူတွေ နားလည်ပေးကြဖို့ သူက တောင်းဆိုလိုက်ပါတယ်။
ပိုမိုတင်းကျပ်တဲ့ တုံ့ပြန်ရေး အစီအမံတွေ လိုအပ်တယ်လို့ သူက ပြောခဲ့ပါတယ်။