ကပ်ရောဂါကြောင့် ကင်ဆာရောဂါ ကုသမှုတွေ ထိခိုက်နေ

ကင်ဆာရောဂါ ကုသမှုတွေအပေါ် ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ် ကူးစက်ပြန့်ပွားမှုရဲ့ ဂယက်နဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ လူနာတွေက စိုးရိမ်မှုတွေကို ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။

ဗုဒ္ဓဟူးနေ့က အွန်လိုင်းမှာ ကျင်းပခဲ့တဲ့ ဟောပြောပွဲ တစ်ခုမှာ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းတွေအပါအဝင် ဆရာဝန်တွေနဲ့ ကင်ဆာရောဂါ ဝေဒနာသည်က သူတို့ရဲ့ စိုးရိမ်မှုတွေကို ပြောကြားခဲ့ကြပါတယ်။
ဖူကုရှီမ ဆေးပညာတက္ကသိုလ်ရဲ့ ဒုတိယညွှန်ကြားရေးမှူး Saji Shigehira က ကျေးလက်ဧရိယာက အထင်ကရ ဆေးရုံတွေရဲ့ ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတွေနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။ ဆရာဝန်တွေရော သူနာပြုတွေပါ Covid-19 နဲ့ ကင်ဆာရောဂါတွေသာမက အရေးပေါ်လူနာတွေကိုပါ ကုသပေးဖို့လိုတာကြောင့် စိတ်ဖိစီးမှုတွေ ခံစားနေရတယ်လို့ သူက ဆိုပါတယ်။
ကင်ဆာရောဂါ ဝေဒနာသည်တွေကို ထောက်ပံ့ရေး CSR Project လို့ အမည်ရတဲ့ အုပ်စုကို ဦးဆောင်နေတဲ့ Sakurai Naomi ဟာ ရင်သားကင်ဆာ ခံစားခဲ့ရက ပျောက်ကင်းခဲ့သူ ဖြစ်ပါတယ်။ ဒီကပ်ရောဂါကြောင့် ကင်ဆာဝေဒနာသည် ၈ ဦးမှာ ၁ ဦးဟာ ကုထုံး အစီအစဉ်တွေကို ပြောင်းလဲခဲ့ရကြောင်း စစ်တမ်းတစ်ခုအရ သိရတယ်လို့ သူက ဆိုပါတယ်။ သူတို့ထဲက ၄၀ ရာခိုင်နှုန်းလောက်ဟာ အဲဒီလိုလုပ်ဖို့ ကိုယ်တိုင် ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဝေဒနာသည်တွေဟာ ဒီဗိုင်းရပ်စ် ကူးစက်ခံရမှာကို အလွန်အမင်း ကြောက်ရွံ့နေကြတယ်လို့လည်း မီးစ် Sakurai က ပြောပါတယ်။ ဆေးရုံကို သွားပြဖို့ လိုအပ်တဲ့ အနေအထားတွေနဲ့ ပတ်သက်ပြီး ပညာရှင်တွေနဲ့ ဆေးရုံတွေဆီက သတင်းအချက်အလက်တွေကို မဆိုင်းမတွ ထုတ်ပြန်ပေးဖို့ သူက တောင်းဆိုခဲ့ပါတယ်။
ဒါကို တုံ့ပြန်တဲ့အနေနဲ့ ဆရာဝန်တွေက ရောဂါရှာဖွေ စစ်ဆေးမှု နှောင့်နှေးကြန့်ကြာတာဟာ ကိုယ်ခန္ဓာအတွင်း အလျင်အမြန် ပြန့်ပွားတဲ့ ကင်ဆာကို ကုသမှုတွေအပေါ် ဆိုးကျိုးသက်ရောက်လာနိုင်တယ်လို့ ပြောပါတယ်။ အဝေးကနေ ကြည့်ရှုကုသမှုကို ပိုပြီးကျယ်ပြန့်လာအောင် လှုံ့ဆော်အားပေးသွားဖို့ လိုအပ်ကြောင်း သူတို့က အလေးပေး ပြောကြားခဲ့ပါတယ်။